မုဒိမ်းသမား နှစ်ယောက်နဲ့ ဆေးရုံပျက်ရှေ့က မိန်းကလေး

မုဒိမ်းသမား နှစ်ယောက်နဲ့ ဆေးရုံပျက်ရှေ့က မိန်းကလေး
ရေးသားသူ – အမည်မသိ

“ချောက်”

သစ်ကိုင်းခြောက် တက်နင်းမိသံပေမဲ့ စိတ်ချောက်ချားနေချိန်မှာတော့ မိုးခြိမ်းသံတွေ လိုလို။ ချယ်ရီ ကြောက်စိတ်ကို နားကြပ်တပ် သီချင်းနားထောင်ရင်း ဖြိုခွင်းပေမဲ့ သူ့အာရုံက သီချင်းထဲဘယ်လိုမှမရောက်။ မှောင်မဲပြီး လူသူမရှိတဲ့ပတ်ဝန်းကျင်က ကြောက်အားသန်သူအဖို့တော့ သွေးပျက်စရာပါပဲ။

အလုပ်လောဘတက်ပြီး ရုံးဆင်းနောက်ကျမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလို။ ဘတ်စ်ကားလည်း မလာတော့တဲ့အတွက် အိမ်ကိုခြေကျင်လျှောက်ရုံသာ ရှိတော့တယ်။ အိမ်နဲ့ရုံးက နည်းနည်းလှမ်းပေမဲ့ ဖြတ်လမ်းက လျှောက်ရင်တော့ နီးနီးလေးပါ။ ဒါပေမဲ့ အဲ့ဒီ့ဖြတ်လမ်းဆိုတာကလည်း ဆေးရုံပျက်ကြီးတစ်ခုကို ဖြတ်လျှောက်ရတာပေါ့…။

ထုံစံအတိုင်း ပတ်ဝန်းကျင်မှာ ဆေးရုံးပျက်ကြီးနဲ့ ပတ်သက်ပြီး ချောက်ချားဖွယ်ရာ ပုံပြင်ဆိုးတွေ ကြားနေရပေမဲ့ ချယ်ရီက တော်ရုံကြောက်တတ်တဲ့သူ မဟုတ်တာမို့ ဒီဖြတ်လမ်းကနေ အိမ်ပြန်ဖြစ်တာပါ။ ဒါပေမဲ့ အမှောင်ထုနဲ့ ဆိတ်ငြိမ်မှုကတော့ ချယ်ရီ့ကို တုန်လှုပ်စေတာအမှန်ပါပဲ..။

ပတ်ဝန်းကျင်မှာ ထူထဲနေတဲ့ သစ်ပင်တွေ၊ ခြုံပုတ်တွေကလွဲပြီး ဘာဆိုဘာမှမရှိဘူး။ ဆေးရုံပတ်လမ်းအတိုင်း လျှောက်လာရင်း တစ်နေရာမှာ လူအရိပ်တွေ့လိုက်ရလို့ ချယ်ရီရပ်လိုက်တယ်။ ခြုံပုတ်အနောက်မှာ အရိပ်မည်းမည်းကြီးနှစ်ခု။ ချယ်ရီကြက်သေသေပြီး ခဏရပ်လိုက်တယ်။

အရိပ်မည်းမည်းတွေ ခြုံပုတ်အကွယ်က တဖြည်းဖြည်း ထွက်လာတဲ့ အခါမှာတော့… အသက် ၃၅ ဝန်းကျင် လူနှစ်ယောက်။ ချယ်ရီ သက်ပြင်းချပြီး ဆက်လျှောက်မယ်ကြံတော့ အဲ့ဒီလူနှစ်ယောက်က ချယ်ရီ့အနားကပ်လာတယ်။

“ဟေး.. အသဲလေး။ ဘယ်သွားမလို့လဲ။ အစ်ကိုတို့ လိုက်ပို့ပေးရမလား”

လူကောင်းတွေ မဟုတ်တာကိုတော့ ချယ်ရီသဘောပေါက်လိုက်ပြီ။ ခြေလှမ်းကို တတ်နိုင်သလောက် ခပ်သွက်သွက်ပြင်လျှောက်တော့ ဟိုလူနှစ်ယောက်လည်း ခပ်သွက်သွက် လိုက်လာပြန်တယ်။ ချယ်ရီမတတ်နိုင်တဲ့အဆုံး ပြေးတယ်။ ပြေးရင်းနဲ့ ဖုန်းထုတ်လိုက်တယ်။ အိမ်ကိုဖုန်းဆက်ဖို့အလုပ်မှာ ချယ်ရီ့ဖုန်း အလုခံလိုက်ရတယ်။

“မင်းကိုယ်မင်း ဉာဏ်ကောင်းတယ် ထင်နေတာလား၊ ပြေးရင်လည်း မလွတ်လောက်မယ့်အတူတူ ငါတို့နဲ့ ပျော်ရအောင်လား။ စိတ်ချ ကိစ္စပြီးရင် မင်းကို ငါတို့ ဒုက္ခမပေးဘူး။ မင်းပြေးမယ်ကြံရင်တော့ မင်းကိုရှင်းပစ်ဖို့ ဝန်မလေးဘူး”

ချယ်ရီ ကြောက်လန့်တကြား ရုန်းပြေးမယ် အကြံမှာ တစ်ယောက်ယောက်က သူ့လက်ကို ချုပ်လိုက်တယ်။ အဲ့ဒီလူနှစ်ယောက်က သူ့ကိုသစ်ပင်အုပ်နောက်ထဲ အတင်းဆွဲခေါ်သွားတယ်။ ချယ်ရီကြောက်စိတ်နဲ့အတူ ဒေါသတွေနဲ့ အတင်းရုန်းပေမဲ့ အားမမျှတာကြောင့် အချည်းအနှီးဖြစ်တာပဲ အဖတ်တင်တယ်။

“ကယ်ကြပါဦး”

“ဟားဟား။ နင်အော်နေတဲ့နေရာက ဆေးရုံပျက်ဝန်းကျင်နော်။ ဘယ်သူကကြားပြီး လာကယ်မလဲကြည့်ရအောင်”

ပြောရင်းဆိုရင် ချယ်ရီ့ကို မြေပြင်ပေါ် ဆွဲလှဲချလိုက်တယ်။ ချယ်ရီ ကူရာကယ်ရာမဲ့နေတာမို့ မျက်ရည်စက်လက်နဲ့ တောင်းပန်ရှာတယ်။ ဒါပေမယ့် လူယုတ်မာနှစ်ယောက်က အဖတ်ကိုမလုပ်။ တစ်ယောက်က ချယ်ရီ့လက်တွေကို ချုပ်ထားပြီး တခြားတစ်ယောက်က ရင်ဖုံးအင်္ကျီကြယ်သီးကို ဆွဲဖြုတ်တယ်။ ကြယ်သီးနှစ်လုံးလောက်ဖြုတ်ပြီးတဲ့အဆုံး…

“အား”

ကြယ်သီးဖြုတ်နေတဲ့ လူက သူ့ခေါင်းကိုကိုင်ရင်း ရုတ်တရက် အော်လိုက်တယ်။

“ဘယ်သူလဲ။ ငါတို့မှာ ဓားပါတယ်နော်။”

ပြောရင်းဆိုရင် တစ်ယောက်က မတ်တတ်ထရပ်ပြီး သူ့ကို ခဲနဲ့ပစ်ပေါက်တဲ့သူကို လိုက်ရှာတယ်။ ကျန်တဲ့ တစ်ယောက်ကလည်း အာရုံများပြီး ချယ်ရီလက်တွေကို ပြေပြေလေးပဲ ချုပ်ထားတော့တယ်။ အခွင့်အရေးကို သတိထားမိတဲ့ ချယ်ရီက အားစိုက်ရုန်းပြီး ထွက်ပြေးတော့တယ်။

လူယုတ်မာနှစ်ယောက်လုံး ချယ်ရီပြေးတာကို သိတာနဲ့ ချက်ချင်း အနောက်က ပြန်လိုက်တယ်။ ချယ်ရီ ပြေးရင်းပြေးရင်း ခြေထောက်တွေ နာလာလို့ အရှိန်လျှော့လိုက်တော့ ဟိုလူတွေ မီလာဖို့ သိပ်မလှမ်းတော့ဘူး။ ချယ်ရီလည်း ရှိသမျှ အားအင်သုံးပြီး ရှေ့ကိုဆက်ပြေးတော့ တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။

ချယ်ရီမော့ကြည့်လိုက်တော့ အသက် ၂၀ ဝန်းကျင် မိန်းကလေးတစ်ယောက်။ ချယ်ရီ့ကိုကြည့်ပြီး..

“မမကို သူတို့လိုက်နေကြတာလား”

“ဟ.. ဟုတ်တယ် ညီမလေး။ မမကို ကယ်ပါဦး။ သူတို့ မမကို…”

ပြောရင်းနဲ့ ဟိုလူနှစ်ယောက် ချယ်ရီတို့အနားကို ရောက်လာတယ်။

“ဟေ့ရောင်။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲကွာ။ ငါတို့ မျှစားစရာ မလိုတော့ဘူး။ မင်းတစ်ယောက်၊ ငါတစ်ယောက် အပီစားလို့ရပြီ ဟားဟား။”

ပြောရင်းဆိုရင်း ချယ်ရီနဲ့ ကောင်မလေးအနားကို ကပ်လာကြတယ်။ ချယ်ရီက မောဟိုက်ပြီး ကြောက်ရွံ့နေတာမို့ မျက်ရည်တွေစို့နေတယ်။ ကောင်မလေးကတော့ ကြောက်စိတ်ရှိမယ့်ပုံမပေါ်ဘဲ…

“မမကို ဘာမှမလုပ်ပါနဲ့။ ညီမလေးနဲ့ ပျော်ပါးကြရအောင်။ အစ်ကိုတို့ ကြိုက်သလိုလုပ်လို့ရပါတယ်။ ညီမလေး ဘယ်သူ့ကိုမှ မပြောပါဘူး။ နော်။”

လူယုတ်မာ နှစ်ယောက် သဘောတွေ့သွားပုံရတယ်။ ချယ်ရီ့ကိုစောင်းကြည့်ပြီး ကောင်မလေးခေါ်ရာနောက်ကို လိုက်သွားတယ်။ ချယ်ရီလွတ်သွားပြီဆိုပေမယ့် ကောင်မလေးအတွက် စိတ်ပူမိလို့ အသာလေး နောက်ယောင်ခံလိုက်သွားတယ်။

ဆေးရုံပျက်ကြီးရှေ့တည့်တည့် သစ်ပင်အိုတစ်ပင်အောက်လည်းရောက်ရော ကောင်မလေးက ရပ်လိုက်တယ်။ လူယုတ်မာနှစ်ယောက်ဘက် လှည့်ပြီး သူမအင်္ကျီကို ချွတ်ပေးဖို့ ပြောတယ်။ လူယုတ်မာတွေကလည်း အင်မတန်သဘောကျရင် ကောင်မလေးရဲ့ ဘလောက်စ်အင်္ကျီကို ဆွဲချွတ်ကြတယ်။

“အောင်မလေး.. ”

သိပ်မကြာလိုက်ဘူး။ စူးရှတဲ့ အသံနှစ်သံကို ချယ်ရီကြားလိုက်ရတော့ နည်းနည်းအနီးကပ်ပြီး ချောင်းကြည့်လိုက်တာ ချယ်ရီပါ မျက်လုံးပြူးသွားရတော့တာပါပဲ။

ပထမက ကောင်မလေးနေရာမှာ သွေးပျက်စရာကောင်းတဲ့ အပုပ်ကောင်တစ်ကောင်။ အူတွင်းကလီစာတွေ အတိုင်းသား မြင်ရတယ်။ ဟိုလူနှစ်ယောက်ကတော့ အလန့်လွန်ပြီး မြေပေါ်ဖင်ထိုင်ကျသွားကြတယ်။ ပြီးတော့ ကူပါ၊ ကယ်ပါ အော်နေတော့တယ်။ အပုပ်ကောင်က စူးရှတဲ့အသံနဲ့…

“မိန်းကလေးတွေကို ဖျက်လိုဖျက်စီးလုပ်တဲ့ နင်တို့လို အောက်တန်းစားတွေကြောင့် ငါ့ဘဝပျက်ရတာ။ ဒီနေရာမှာပဲ ငါ့ကိုမုဒိမ်းကျင့်သွားကြပြီး အသက်ချမ်းသာမပေးဘဲ ငါ့ကိုသတ်ပြီး ပစ်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ မိန်းကလေးတွေကို ဖျက်လိုဖျက်ဆီး လုပ်တာမျိုး မြင်ရင် ငါနဲ့တွေ့မယ်မှတ်။ ဟားဟား။”

ချယ်ရီလည်း ကြောက်စိတ်တွေ အထွတ်အထိပ် ရောက်နေတာကြောင့် တစ်ချိုးတည်း ထွက်ပြေးသွားတော့တယ်။ အိမ်လည်းရောက်ရော ဘယ်သူနဲ့မှ စကားမပြောဘဲ အခန်းထဲ တံခါးပိတ်ပြီး ဝင်ငိုနေလိုက်တယ်။

မနက်မိုးလင်းတော့ မေမေက ချယ်ရီ့ကို လာနှိုးတယ်။

“သမီး မနေ့က တစ်ခုခုဖြစ်ခဲ့တာလား။ ဘာနဲ့ပြန်လာတာလဲ။ ဟိုတစ်ခါကလို ဆေးရုံပျက်ပတ်လမ်းက ပြန်လာတာ မဟုတ်ပါဘူးနော်။”

“မဟုတ်ပါဘူး မေမေရယ်။ သမီးဘတ်စ်ကားရလို့ ဘတ်စ်ကားစီးလာတာ။ အရမ်းပင်ပန်းနေတာနဲ့ တန်းဝင်အိပ်လိုက်တာ။”

မေမေစိတ်ပူမှာမို့သာ လိမ်လိုက်ရတာ။

“ဒါနဲ့ ဒီနေ့ စနေနေ့လေ။ မေမေက သမီးကို ဘာလို့နှိုးတာလဲ”

“ငါစိတ်ပူလို့ပါ။ မနေ့ညက ဆေးရုံပျက်ရှေ့က သစ်ပင်အိုအောက်မှာ လူနှစ်ယောက်သေနေလို့တဲ့။ မနက်က ဈေးထဲမယ် လူတိုင်းလိုလို ပြောနေကြတာ။ အူတွေပါတွေ ထွက်လို့တဲ့။ အဲဒီ့နေရာက နဂိုကတည်းက မကောင်းဘူး။ နင်အဲ့ဒီဘက်ကများ ပြန်လာတာလားလို့ စိတ်ပူပြီးမေးတာ။ ပြီးရော။ ခဏအိပ်လိုက်ဦး။ မေမေ ဘုရားသွားရှိခိုးလိုက်ဦးမယ်”

ချယ်ရီ့စိတ်ထဲမှာတော့ သူ့ကိုကယ်ပေးခဲ့တဲ့ နာနာဘဝ ကောင်မလေးကို ကောင်းရာမွန်ရာ ရောက်ပါစေလို့ပဲ ရေရွတ်ဆုတောင်းမိပါတော့တယ်။

ပြီးပါပြီ။