ဘုန်းကြီးနောက် တစ်ကောက်ကောက် လိုက်ကပ်တဲ့ အစိမ်းသေမ

ဘုန်းကြီးနောက် တစ်ကောက်ကောက် လိုက်ကပ်တဲ့ အစိမ်းသေမ
ရေးသားသူ – အမည်မသိ

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကာလ၌ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသော ပယောဂ တစ်ခုဖြစ်ခဲ့လေသည် ။ ဤအဖြစ်အပျက် အကြောင်းအရာတွင် စားရင်းကိုင်လေး ကိုမြဟန်သည် အဓိကနေရာမှ ပါဝင်ခဲ့၏ ။ သူသည် အစိုးရအမှုထမ်း စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး ရန်ကုန်မြို့ သင်္ကန်းကျွန်းအနီး သုဝဏ္ဏတွင် နေ၏ ။ အဖေကြီးဦးမြခင်ထံတွင် ပညာယူထားသော ရွှေရင်ကျော် ဂိုဏ်းဝင်တစ်ယောက်လည်း ဖြစ်၏။

အထက်လူကြီးမှ တာဝန်ပေးသောကြောင့် ကိုမြဟန်သည် ဧရာဝတီတိုင်း ဇလွန်မြို့ အနီးရှိ ဟင်္သာတမြို့သို့ စာရင်းစစ်ရန် သွားခဲ့ရသည်။ ဟင်္သာတမြို့အစွန်ရှိ အိမ်တွင် တည်းခို၏။ သို့သော် ထိုအိမ်ရှိ ကလေးများသည် ကလေးပီပီ အချိန်ပြည့် အော်ဟစ်၍ စော့ကစားကြသဖြင့် ကိုမြဟန်မှာ အလုပ်ကို အာရုံစိုက်၍ မရတော့ပေ ။

ထို့ကြောင့် ထိုအိမ်နှင့် မလှမ်းမကမ်းတွင်ရှိသော တောကျောင်းလေးတစ်ကျောင်းသို့ သွားရောက်ကာ ၎င်းအား တည်းခို့ခွင့်ပြုပါရန် ကျောင်းထိုင်ဆရာတော်အား လျှောက်ထား၏။ ဆရာတော်သည် ကိုမြဟန်အား ကျောင်းနောက်ဘက် ကပ်လျက်တွင်ရှိသော အဆောင်ငယ်လေးတွင် လွတ်လွတ်လပ်လပ် နေခွင့်ပေးခဲ့သည် ။

ကိုမြဟန် ထိုတောကျောင်းလေးသို့ ရောက်မလာခင် ၂ ရက်အလိုတွင် ကျောင်းထိုင်ဆရာတော်သည် အိမ်မက်ဆန်းတစ်ခု မက်ခဲ့လေ၏ ။ အိမ်မက်ထဲတွင် ဆရာတော်အား ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ပုဂ္ဂိုလ်တစ်ပါးမှ

”ကိုယ်တော်… ကိုယ်တော့်ကျောင်းကို ဒီနေ့ကစလို့ ၂ ရက်ကြာရင် သူတော်ကောင်းလာလိမ့်မယ် ၊ အဲဒီ သူတော်ကောင်းဟာ ကိုယ်တော့်ကို ကယ်လိမ့်မယ်“

ဟု ပြောလေသည်။ ထိုအချိန်သည် ဆရာတော်ကိုယ်တိုင်ပင် သူ့ကိုယ်သူ ဖြစ်နေမှန်း မသိသော ထိတ်လန့်ဖွယ် အကြောင်းအရာတစ်ခု ဆရာတော်တွင်ဖြစ်နေခဲ့သည် ဆို၏။

လွန်ခဲ့သော ၂ နှစ်ခန့်လောက်အချိန်ထိ ထိုဆရာတော်၏ ကျောင်းသည် ကိုးကွယ်သူ ဒကာ ဒကာမ အမြောက်အများဖြင့် လွန်စွာ စည်ကားခဲ့၏ ။ ထို အနီးအနားတစ်ဝှိက် ရှိရှိသမျှသော ဘုန်းကြီးကျောင်းများထဲ၌ ဤတောကျောင်း ဆရာတော်၏ကျောင်းမှာ အစည်ကားဆုံး လှူဖွယ်ပစ္စည်း အကပ်ခံရဆုံး ကျောင်းဖြစ်ခဲ့၏ ။

တစ်နေ့တွင် ထိုကျောင်းသို့ လာသော ဒကာ တစ်ယောက်သည် ဆရာတော်အား အမျိူးသမီးငယ် တစ်ဦးနှင့် အတူရှိနေသည်ကို မြင်ရလေသည်။ ထို မိန်းမငယ်သည် ဆရာတော်၏ ပေါင်ပေါ် လက်ထောက်မေးတင်လျက် ရှိနေသည်ကိုမြင်ရသည်ဆို၏ ။ ထိုသို့မြင်ရသည်မှာ ထိုဒကာတစ်ယောက်ထဲပင် မဟုတ်ဘဲ အခြားဒကာ ဒကာမများအားလုံးနီးပါး တို့သည်လည်း ထိုနည်းတူ မြင့်တွေ့ရသောကြောင့် ဆရာတော်အပေါ် အကြည်ငြို ပျက်လေတော့သည်။

အရင်က ဒကာများစွာဖြင့် လွန်စွာစည်ကားခဲ့သော ထိုတောကျောင်းလေးသည် လာမည့်သူမရှိအောင် ချောက်ကပ်သွားလေသည်။ အမှန်မှာ ဆရာတော်သည် ဝိနည်းသိက္ခာပုဒ်ကို အင်မတန် လုံခြုံစွာ စောင့်ထိမ်းတော်မူသော သံဃာတစ်ပါးဖြစ်သည် ။ ထိုအမျိူးသမီးငယ်နှင့် အတူရှိဖို့ဝေးစွ ။ ထိုအမျိူးသမီးရှိနေသည်ကိုပင် ဆရာတော် မသိရှာပေ။ ထိုအမျိူးသမီးကို ဆရာတော် မမြင်ရပါ။

ဆရာတော်အား မိန်းမငယ်တစ်ဦး နှင့်အတူ ရှိနေသည်ကို ဒကာ ဒကာမအပေါင်းတို့ တွေ့မြင်ရခြင်းမှာလည်း အမှန်တကယ် မြင်ရခြင်းဖြစ်၏။

ဤသို့ဖြင့် ဆရာတော်၏ ဒကာအပေါင်းတို့သည် တစ်ဖက်ရှိ အခြားကျောင်းတိုက်သို့ ပြောင်း၍ ကိုးကွယ် ဆီးကပ်ခဲ့ကြသည်။ ထိုသတင်းကိုကြားသော ကျောင်းဒကာကြီးသည် ဆရာတော်အား အကဲခတ်ရန် လာခဲ့လေသည်။ ကျောင်းဒကာကြီးကို ဧည့်ခံကြွေးမွေးဖို့ရန် အစားအသောက်များထားသော ကျက်သရေခန်းသို့ဝင်၏။

ဆရာတော်တစ်ပါးထဲ ကျက်သရေခန်းထဲ ဝင်သော်လည်း ကျောင်းဒကာကြီး၏ အမြင်တွင် မိန်းမငယ်တစ်ဦး ဆရာတော်နှင့်ကပ်လျက် အတူဝင်သွားသည်ဟု မြင်ရလေသည် ။ ထိုအချိန်မှစ၍ လှူမည့်သူ မရှိတော့သောကြောင့် ကိုယ့်ဆွမ်းကိုယ်ချက်စားရသည့်တိုင် ၂ နှစ်နီးပါး ခက်ခဲစွာ နေခဲ့ရသည်။

ထိုအဖြစ်အပျက်များသည် စာရင်းစစ် ကိုမြဟန် ဤတောကျောင်းသို့ ရောက်မလာခင် အဖြစ်အပျက်များ ဖြစ်သည်။ ၂ ရက်အကြာတွင် သူတော်ကောင်း ရောက်လာပြီး ကိုယ်တော့်ကို ကယ်မည်ဟု ဝတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်ပေးသည့် အိမ်မက်ကို မက်ထားသော်ငြား ၂ ရက်အကြာတွင် ရောက်လာသည့် အသက် ၃၅ / ၃၆ ခန့်သာ ရှိသေးသည့် ကိုမြဟန်ကို သူတော်ကောင်းဟု ဆရာတော် မထင်ခဲ့ပေ။

ထို့ကြောင့် ဝတ်ဖြူစင်ကြယ်ဝတ်ထားသော ပုဂ္ဂိုလ်သည် ဆရာတော့်အား အိမ်မက် ထပ်ပေးပြန်သည် ။ ကိုယ်တော့်ကိုကယ်မယ့် သူတော်ကောင်းက ကိုယ်တော့်ကျောင်း အနောက်အဆောင်ထဲ ရောက်နေတဲ့သူပဲဟု အိမ်မက်ပေး၍ ပြောလေ၏။

နောက်တစ်နေ့တွင် ကိုမြဟန်အား စောစောနိုးပြီး မုန့်ပဲသရည်စာများ အဝကြွေးတော့၏ ။ ဆရာတော်မှ ကိုမြဟန် စားနေသည်ကို ပြူံးကြည့်ရင်းဖြင့် ၎င်းမက်သော အိမ်မက်ကို ပြောပြသည်။

ကိုမြဟန်က သူသည် သူတော်ကောင်း မဟုတ်ကြောင်း သာမာန် စာရင်းစစ်သာ ဖြစ်ကြောင်း အကြောက်အကန်ငြင်းဆို လျှောက်ထားသဖြင့်

” ဒကာ မည်သည့်ပညာ တတ်ပါသလဲ ”

ဟုမေး၏။

” တပည့်တော် စာရင်းစစ်ပါဘုရား ၊ စာရင်းအင်းပညာ တတ်ပါတယ် ”

ဟု ကိုမြဟန်က လျှောက်၏။

တစ်ခြား မည်သည့်ပညာတတ်သနည်းဟု ဆက်မေးရာ ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းပညာကို မြောက်ဥက္ကလာပရှိ ဆရာကြီးဦးမြခင်ထံမှ သင်ကြားတတ်မြောက်ခဲ့ပါကြောင်း ကိုမြဟန်မှ လျှောက်ခဲ့၏။

ထိုအခါ ဆရာတော်သည် ဝမ်းသာအားရဖြစ်ပြီး ၎င်းမသိပါဘဲ မိန်းမငယ်တစ်ဦး အနားတွင် ရှိနေသည်ဟု ဒကာ ဒကာမများမြင်တွေ့ အထင်လွဲကြသည့် အကြောင်း ပြောပြပြီး ကိုမြဟန်အား ပယောဂ စမ်းခိုင်းတော့သည်။

ကိုမြဟန်သည် တောကျောင်းတံခါးများကို ပိတ်လိုက်ပြီး ဆရာတော်အား စမ်းသပ်သောအခါ အစိမ်းတိုက် အစွဲမိလေသည်။ အစိမ်းတိုက်ဟူသည် အစိမ်းသေ သေသူအား အောက်လမ်းဖြင့်စီရင်၍ တိုက်သော အလွန်ကြောက်စရာကောင်းသော အတိုက်မျိူး ဖြစ်သည်။

ကိုမြဟန်မှ တစ်ဧကခန့်ကျယ်သော ထိုတောကျောင်းအတွင်း မည်သည့်နေရာ၌ အစိမ်းတိုက်ရှိသည်ကို ပယောဂစမ်း၍ ရှာရာ ကျောင်းတောင်ဘက် မာလကာပင် ခြေရင်း တစ်ပေအကွာတွင် အစိမ်းတိုက်ရှိကြောင်း သိရသည်။

ထိုနေရာသို့သွား၍ မြေကို တူးဆွကြည့်ရာ အစိမ်းသေမ၏ လက်ရိုးလတ်လတ်ဆတ်ဆတ်ကြီးအား သင်္က္ကန်းစဖြင့် ပါတ်ထားသော အစိမ်းတိုက်ကို တွေ့ရတော့သည် ။ ထိုအတိုက်ကြောင့်ပင် ဆရာတော့်အနီးတွင် မိန်းမငယ် အသွင်ယူထားသော အစိမ်းသေမကို ဒကာများ တွေ့မြင်ခဲ့ကြခြင်း ဖြစ်လေသည်။

ကိုမြဟန်သည် ထိုအစိမ်းသေမ၏ လက်အရိုးနှင့် သင်္က္ကန်းစကို အမိန်တော်ပြန်ပြီးနောက် ကျောင်းနှင့်ဝေးရာ လယ်ကွင်းတွင် စွန့်ပစ်သည်။ ဆရာတော်အား စက်ဖြတ်ပေးခြင်း ၊ ကျောင်းတိုက်အပေါ် ဆန်မန်းပက်ခြင်း ၊ ကျောင်းဝင်းအတွင်း သဲမန်းပက်ခြင်းတို့ ပြုလုပ်ပေးခဲ့ပါသည်။

ထိုသတင်းကိုကြားကြသော ဒကာဟောင်းတို့သည် ကန်တော့ပွဲများ ကိုယ်ဆီရွက်၍ ရောက်လာပြီး ဆရာတော်ကို ရှိခိုးတောင်းပန်ကြတော့၏။ အမြင်မှားကြောင့် အထင်လွဲခဲ့သော ကျောင်းဒကာကြီးလည်း နောင်တကြီးစွာရလျက် ငိုကြီးချက်မဖြင့် သူ့အားသည်းခံပေးရန် တောင်းပန်၏။

ထိုအချိန်မှစကာ ၂ နှစ်ခန့် တပည့်ဒယကာမရှိ ချောက်ကပ်နေခဲ့သည့် ဟင်္သာတမြို့အစွန်ရှိ တောကျောင်းလေးသည် ယခင်ကထက်ပင် ပိုမို၍ ပြန်လည် စည်ကားလာခဲ့ပါလေသတည်း ။

အထက်ပါ အစိမ်းတိုက် ကုထုံးကို အဖေကြီးဦးမြခင်မှ ပြောပြခဲ့ပြီး ဘယ်လိုလူကို သူတော်ကောင်းခေါ်မလဲ ဆိုသည်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။

” တွေ့ပြီလား သူတော်ကောင်း ။ ဘာအရောင်နဲ့ဖြစ်ဖြစ် သူတော်နှလုံးထားတတ်ရင် ။ သူများမယား မခိုးပါဘူး ၊ ကျွဲသား နွားသားမစားပါဘူး ၊ သေရည်အရက်ကို ဆေးအဖြစ်ဝါးဖြစ်မှလွဲ၍ မသောက်မစားပါ ၊ ဟူ၍ သစ္စာဆိုပြီးလျှင် ၊ ပင်ကိုစိတ်ဓာတ်ကလဲ ဖြောင့်ဖြောင့် မတ်မတ်နဲ့ သတ္တဝါအပေါ်မှာ ကယ်ဆယ်လိုတဲ့ဆန္ဒ ကိုယ်ရသလိုပေးလိုတဲ့ဆန္ဒ ၊ ကိုယ့်ပညာတူညီကိုချင်းကို ကိုယ်နဲ့ဆက်ပြီး တတန်းထဲ ထားနိုင်တဲ့ဆန္ဒ ၊ တစ်ယောက်ကိုတစ်ယောက် ကျော်မိ လွှားမိ တိုက်မိ ခိုက်မိယုံလေးနဲ့ ထပ်ကနဲ ထပ်ကနဲ မိုက်ကြည့်ပြန်မကြည့်တဲ့စိတ် ၊ ငါကစင်မြင့်ပေါ်ကနေတော့ အကုန်မြင်နေရတာကွ ။ တချို့ ဘာမဟုတ်တာလေးနဲ့ ဒူးနဲ့ခြေနဲ့ ခိုက်မိတာလေးနဲ့ မိုက်ကြည့်ပြန်ကြည့်တာတို့ အံကြိတ်တာတို့ …. ဒါဟာ ဒီပညာနဲ့ မတန်ဘူး ။ အဲ့ဒီဟာမျိူးပါနေရင် ဘုန်းကြီးကို ဒီလို အိမ်မက်ပေးမှာ မဟုတ်ဘူး ။ အဲဒီဟာမျိူးမပါတဲ့အတွက် ကိုယ်တော့်ကျောင်း သူတော်ကောင်း ရောက်လိမ့်မယ်ဆိုတာ ၊ မြဟန် သူတော်ကောင်း ဖြစ်နေပါလားကွ ၊ ဘယ်နှယ့်လဲ ၊ မြဟန် သူတော်ကောင်းဖြစ်နေရင် ၊ မြဟန်လို စိတ်ထားဖြူစင်တဲ့သူတိုင်း ဘာလဲဆိုတာ မင်းတိုဟာမင်းတို့ တွက်ကြည့်လိုက်တော့ ။ တွေ့ပြီလားသူတော်ကောင်း ။ အဲ့ဒါကြောင့် လေကုန်ခံပြီးပြောနေတာ ။ အဲ့ဒါကြပ်ကြပ်သတိထား ” ။

ပြီးပါပြီ။