ပရလောကနယ်သို့

ပရလောကနယ်သို့
ရေးသားသူ – အမည်မသိ

မှောင်ရီသန်းစ အချိန်မို့ ကိုထွန်းတင် နည်းနည်းတော့ ကြောက်စိတ်ဖြစ်မိသည်။ မိဘများက ညအိပ်သွားရန် ပြောသော်လည်း မိန်မဖြစ်သူက မပေါ့မပါးနှင့်မို့ ကိုထွန်းတင် ဇနီးဖြစ်သူရှိရာ ဇီးတောရွာသို့ အလျင်စလို ပြန်ခဲ့ခြင်းဖြစ်၏။

သူပြန်ရမည့် ခရီးမှာလည်း မလွယ်လှ အနည်းဆုံး ည ၁၂ နာရီလောက်မှ ရောက်မည်။ ထို့ကြောင့် ကိုထွန်းတင် ခြေလှမ်းများက ပုံမှန်ထက် လောနေခြင်းဖြစ်ပေ၏။ ပြန်ရမည့်လမ်းမှာလည်း ချောင်းဝတံတားနှင့် သင်္ချိုင်းကို ဖြတ်ရမည်၊ ရွာနှစ်ခုကြား ခြားထားသော ချောင်းကို တံတားထိုးထားခြင်း ဖြစ်၏။

ချောင်ဝတံတားဆိုလျှင် ညဘက် ဖြတ်သွားသူတိုင်း သရဲ အခြောက်မခံဖူးသူ မရှိသလောက်ပင်။ ဇီးတောသို့ ကူးရမည့် လမ်းမှာလည်း ချောင်းဝရွာ သင်္ချိုင်းအနားကပင် ဖောက်ထားခြင်းကြောင့် ထွန်းတင် ပြန်ရမည့်ခရီးမှာ မလွယ်လှ။ သူကိုယ်တိုင်ပင် ခြောက်ခြားနေသည်တော့ အမှန်ပင်။

လမ်းလျှောက်လာရင်းဖြင့် အမှောင်ဟူသောအရောင်က ဖုံးလွှမ်းခဲ့တော့သည်။ အသင့်ပါလာသော လက်နှိပ်မီးအားထုတ်ကာ ဖွင့်လိုက်၏။

”တောက်!!!! ဟာကွာ ဓာတ်မီးအားနည်းနေတာ ဒီခေါင်းကလည်း မေ့တက်လိုက်တာ”

ကိုထွန်းတင် အားနည်းနေသော ဓာတ်မီးအားထိုးကြည့်မှ သတိရခြင်းကြောင့် ဒေါသထွက်သွားလေသည်။ ပြန်ရမည့် ခရီးနှင့် မီးက အားနည်းပုံနှင့်တော့ အကြပ်ရိုက်လေပြီး။

အနားသို့ ပတ်ကြည့်ကာ တုတ်တစ်ချောင်းအားရှာဖွေလိုက်၏။ မြွေကင်းအန္တရာယ်ကလည်း ရှိသေးသဖြင့် တုတ်ကလည်း လိုအပ်ပေသည်။

“ဖလူးးး ဖလူးးးးး ဖလူးးး”

”ဟာ!!!!!!”

ကိုထွန်းတင် ဓာတ်မီးအား အပေါ်သို့ မြင့်လိုက်သောအခါ

”တောက်!!!! ဒီငှက်ကလည်းကွာ”’

ဟူးးးးး အခုမှပဲ သက်ပြင်းချနိုင်တော့သည်။ ကိုထွန်းတင် ဌက်ပျံသံကြောင့် လန့်ဖျန့်သွား၏။ သူ့ကိုယ်သူလည်း အနည်းငယ် ရှက်သွားလေသည်။ ပတ်ဝန်းကျင်သို့ အနည်းငယ် လိုက်ကြည့်လိုက်သောအခါ မီးရောင်ခပ်မှိန်မှိန်နှစ်လုံး သူရှိရာသို့ ဦးတည်လာနေလေ၏။ ကိုထွန်းတင်မျက်နှာ ဝင်းပ သွားလေသည်။ သူတို့နှင့်အတူ ကပ်လိုက်လျှင် ကြောက်စရာမလို မီးကလည်း အားနည်းနေသဖြင့် နှစ်ခုစလုံး အဆင်ပြေမည်။ ထို့ကြောင့် ခဏရပ်စောင့်နေလိုက်သည်။

တစ်ဖြည်းဖြည်းနှင့် မီးနှစ်လုံး သူရှိရာသို့ နီးကပ်လာလေသည်။

”နှောင်ကြီးတို့ ဘယ်ပြန်မှာလည်း ခင်ဗျ။ ကျွန်တော် မီးအားနည်းလို့ အတူလိုက်ပါရစေ”

”ညီမတို့က ဒီနားက ရွာကပါ ကြုံသလောက် လိုက်ခဲ့ပေါ့’

”ဟင်!!!!!”

သူထင်ထားသည်က ဒီလိုအချိန် ယောကျ်ားသားများ ထင်နေသည်။ အခုတော့ ထင်သလို ယောကျ်ားသားများ မဟုတ်။ မိန်းကလေးငယ်နှစ်ဦး ဖြစ်နေလေသည်။ လမ်းကြုံရသည့် သူ့အတွက်တော့ အဆင်ပြေလှပေ၏။

”အော် ဒါနဲ့ညီမတို့က ချောင်းဝရွာကပဲလား ”

”မဟုတ်ဘူးရှင့် ဖုန်းဆိုး ရွာကပါ”’

ဟင် !! ထွန်းတင်က ဒီနယ်မှာ နေလာတာ ကြာပြီး
ဖုန်းဆိုးရွာဟူ၍ မကြားဖူးချေ။

”အစ်ကိုကရော ဘယ်ရွာ ယပြန်မှာလည်း ဝေးလွန်းရင်လည်း ညီမတို့ရွာမှာ ဒီတစ်ည နားသွားလိုက်လေ”

”အားတော့ နာပါတယ် ညီမရယ် အစ်ကိုက ရှေ့တစ်ရွာကျော်လေးမှာပါ မနားတော့ပါဘူး”

ဘာမှ ဆက်မပြောတော့ပဲ ငြိမ်သက်စွာ လျှောက်လာကြလေသည်။

”ဒါ အခု ဘယ်သွားနေကြတာလည်း ဟင် ချောင်းဝရွာ မရောက်သေးဘူးလာ”

”ဟင် ချောင်းဝရွာ ကျော်လာပြီးလေ။ အခု ညီမတို့ရွာစပ် ရောက်နေတာ”

ဟာ တံတားလည်း ငါမကူးခဲ့ရဘူး။ လမ်းများမှားနေတာလား။ ကိုထွန်းတင် ဇဝေဇဝါ ဖြစ်သွားသည်။ လရောင် အနည်းငယ်ရှိရာမှ ရုတ်တရတ် မိုးသားများ တက်လာသဖြင့် လမ်းအားကောင်းစွာ မမြင်ရ။ မီးအားကလည်း နည်းသဖြင့် ပတ်လည် ထိုးကြည့်သော်လည်း သူရောက်ဖူးသည့် နေရာနှင့် မတူချေ။

“ဝေါးးးးး ဝေါးးးး”

”ဟော့ အစ်ကို မိုးရွာမယ်နဲ့ တူတယ်။ ဒီတစ်ည ရွာမှာ အိပ်သွားလိုက်ပါလား”

ညနေက ကိုထွန်းတင် ပြန်လာတေ့ာ မိုးသား အရိပ်အယောင်ပင် မတွေ့ရ။ အခုမှ ရွာမလိုလိုနဲ့ ညိုးလာတော့ လိုက်တည်းမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။ မီးကလည်း အားနည်း၊ မိုးကလည်း ရွာ၊ လမ်းကလည်း သူမသိသလို ဖြစ်နေ၍ မထူးတော့။ မိန်းကလေးများ ခေါ်ဆောင်ရာသို့ ကိုထွန်းတင် မငြင်းနိုင်တော့ပေ။

ရွာစပ်ရောက်လာသည်နှင့် ကိုထွန်းတင်တစ်ယောက် ခန္ဓာကိုယ်မှ မွှေးညင်းများ ထောင်လာပြီး အေးစက်စက် လေများကြောင့် ကြက်သီးထသွားလေသည်။ ဖုန်းဆိုးရွာ ဆိုသည်ကလည်း သူတစ်ခါမှ မကြားဖူးသော ရွာတစ်ခု ဖြစ်၏။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဝင်ရောက် ကျူးကျော်စဉ်က ချောင်းဝသင်္ချိုင်းက ရွာတစ်ရွာ ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်း တော်လှန်ရေးဖြစ်သောအခါ ချောင်ဝရွာ၌ တိုက်ပွဲဖြစ်ကာ အတုံးအရုန်းသေကြပြီး ရွာပျက်သွားလေသည်။ ရွာထဲတွင် မကျွတ်မလွတ်သူများ ရှိနေ၍ နောက်ပိုင်း သင်္ချိုင်း လုပ်လိုက်ခြင်းဖြစ်သည်ဟု ကိုထွန်းတင် ကြားဖူးလေသည်။ ထိုရွာနာမည်ကိုတော့ ကိုထွန်းတင် မသိပေ။ သူသိသည်က ချောင်းဝသင်္ချိုင်းဟုသာ သိသည်။ ထိုအကြောင်းများကိုလည်း ဇနီးဖြစ်သူ ပြောပြ၍ အနည်းအကျဉ်း သိထားခြင်းဖြစ်၏။

”အစ်ကို လာ အိမ်ရောက်ပြီ ဒါညီမတို့အိမ်ပဲ”

”ဪ ဟုတ်ကဲ့ ”

ကိုထွန်းတင် စဉ်းစားရင် လျှောက်လာ၍ ပတ်ဝန်းကျင်အား မကြည့်မိ။ အိမ်ရှေ့ရောက်ပြီဟူသော အသံကြားမှသာ အသိပြန်ဝင်လာခဲ့သည်။ အိမ်ပုံစံမှာ ရှေ့ဆန်လှသည့် ခြေတန်ရှည်အိမ်ဖြစ်၏။ အိမ်ကြီးမှာ အတော်ပင် ကြီးလှသည်။ ထွန်းတင် ယခုလို အိမ်မျိုးပင် တစ်ခါမှ မမြင်ဘူးချေ။

”လာ အစ်ကို တက်လေ ”

”ဪ ဟုတ်ကဲ့ ”

အိမ်ပေါ်တွင် လက်ဆွဲမီးအိမ် ထွန်းထားသဖြင့် တစ်အိမ်လုံး မြင်သာလှပေသည်။ ရှေ့ဟောင်း အသုံးအဆောင်များ၊ ပန်ချီကားများ စသည်တို့နှင့် အိမ်နေရာလွတ်များ နံရံများတွင် နေရာအသီးသီး နေရာယူထားကြလေသည်။

”ညီမရေ အစ်ကိုစားဖို့ တစ်ခုခု ပြင်လိုက်ပါကွယ်”

”ဟာ မစားတော့ပါဘူး။ ညနေက စားပြီးလာခဲ့ပြီ။ အိပ်ချိန်နီးနေတော့ မစားတော့ပါဘူး။ ဒါနဲ့ ညီမတို့ နှစ်ယောက်ထဲ နေတာလား”

”မဟုတ်ပါဘူး အစ်ကိုတွေ ဦးလေးတွေ ရှိပါတယ်။ သူတို့က ပြန်မလာသေးတာ”

ကိုထွန်းတင် အံသြသွားသည်။ ဒီအချိန်အထိ ဘယ်တွေသွားလို့ ပြန်မလာသေးပါလိမ့်။ သူတို့ညီအစ်မကရော ဘယ်က ပြန်လာတာလည်း စဉ်းစားရ ခက်နေလေသည်။

”အစ်ကို ဒီအခန်းထဲမှာ အိပ်ချင်ရင် အိပ်နော်။ ညီမတို့ လုပ်စရာလေးရှိလို့ လုပ်လိုက်ဦးမယ်”

ညီအစ်မနှစ်ယောက် ပြောရင်း ကိုထွန်းတင် အနားက ထွက်သွားလေသည်။ ကိုထွန်းတင်လည်း အထွေအထူး စဉ်းစားမနေတော့ပဲ အိပ်ခန်းအတွင်းသို့ ဝင်ခဲ့တော့သည်။

“ဒေါက်းးး ဒေါက်းးးး ဒုန်းးးး ဒုန်းးးးး”

ကိုထွန်းတင် အိပ်မရဖြစ်နေသည်။ မည်သည့်အရာများကို ထုရိုက်နေသည် မသိ။ တစ်အိမ်လုံး သိမ့်သိမ့်ခါနေ၏။ ခဏမျှအကြာ အိမ်ရှေ့၌ လူသံများ ကြားလိုက်သည်။ အိမ်ပေါ်တွင် လမ်းလျှောက်သံများ ဗလုံးဗထွေး စကားသံများဖြင့် ကိုထွန်းတင် အိပ်မရချေ။

မကြာခင် အချိန်အတွင်းလေးမှာပင် မွှေးပျံ့သော သင်းရနံ့ တစ်ချို့က ကိုထွန်းတင် နှာခေါင်းဝစီသို့ ဝင်လေနှင့်အတူ စီမျှောလာကြလေသည်။ ရနံ့ကိုပင် ဝအောင် မရှူရှိုက်လိုက်ရ မျက်လုံးများ မှေးစင်းသွားခဲ့တော့သည်။

သူနှင့်တွေ့ခဲ့သော ညီအစ်မနှစ်ယောက် မျက်နှာမှာ အလွန်ပင် ချေမောလှပလှ၏။ အိမ်တစ်အိမ်ပေါ်တွင် ထိုညီအစ်မ အပါအဝင် လူခြောက်ယောက် တစ်ခုခုအား တီးတိုးတိုင်နေကြလေသည်။ တစ်ဆက်ထဲမှာပင် အင်္ဂလိပ်အရာရှိတစ်ယောက်နှင့် စကာပြန်တစ်ယောက် အစောင့်သုံးယောက် အိမ်အဝသို့ ရောက်ရှိလာ၏။ ကျန်လူများ အသီးသီး ပျောက်ရှကုန်ပြီး မိန်းကလေးတစ်ဦးသာ အိမ်ရှေ့ဧည့်ခန်းတွင် ကျန်ခဲ့လေသည်။

အင်္ဂလိပ်အရာရှိနှင့် စကားခဏပြောပြီးသောအခါ စကာပြန်နှင့် အစောင့်သုံးယောက် အိမ်အပြင်သို့ ပြန်ထွက်သွားကြလေသည်။ မိန်ကလေးနှင့် အင်္ဂလိပ်အရာရှိတစ်ယောက် အခန်းထဲသို့ ဝင်လာကြလေသည်။ ထိုအခန်းက အခြားအခန်းမဟုတ် ကိုထွန်းတင် အိပ်နေသော အခန်းပင်။

အိပ်ယာပေါ်သို့ ပစ်လှဲချလိုက်ချိန်တွင် စောစောက မိန်းကလေးနှင့် စကားထိုင်ပြောနေသောသူများ ပြန်ရောက်လာကာ အင်္ဂလိပ်အရာရှိကိုသတ်ပြီး လက်စ ဖျောက်လိုက်ကြလေသည်။

ကိုထွန်းတင် သူတို့ကို မြင်နေရသော်လည်း သူ့ကို မြင်ကြပုံမရပေ။ ချက်ချင်းဆိုသလို အသံများကြား၍ အိမ်အပြင်ဘက်မှ စကားပြန်နှင့် အစောင့်သုံးယောက် အပြေးဝင်လာကြလေသည်။ သူတို့သည်လည်း လက်ထဲမှ သေနတ်ကို ချိန်ရွယ်ယုံမျှသာ ကြိုတင်စီစဉ်ထားသည့် ဓားချက်များအား ဟန့်မတားနိုင်ခဲ့ပေ။

”ဒီမှာ တစ်ယောက် ”

”ဟင်!!! ဒီတစ်ခါတော့ ကိုထွန်းတင်ကို ကြည့်၍
ပြောနေခြင်းဖြစ်၏။

”ကျုပ်ဘာမှ မလုပ်ဘူးနော်”’

”အားးးးး”

ဒီတစ်ခါကတော့ အမြင့်တစ်ခုမှ ပြုတ်ကျခြင်း ဖြစ်လေ၏။ ကိုထွန်းတင် မျက်စိအား ဖွင့်ကြည့်လိုက်သောအခါ သစ်ပင်သစ်ရွက်နှင့် မိုးသားမှအပ မည်သည့်အရာမှ မတွေ့။ ဘေးပတ်လှည် ကြည့်လိုက်သောအခါ

”ဗုဒ္ဓေါ…… ”

ထုံးအဖွေးသားနှင့် အုတ်ဂူများကြားတွင် ဖြစ်လေသည်။

“ဟာ!!!! ငါဘယ်ရောက်နေတာလဲ”

ကိုထွန်းတင် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ချောင်းဝသင်္ချိုင်း ဖြစ်နေလေတော့သည်။

ပြီးပါပြီ။