ညီမရဲ့ ကိုယ်တွေ့ဖြစ်ရပ်

ညီမရဲ့ ကိုယ်တွေ့ဖြစ်ရပ်
ရေးသားသူ – အမည်မသိ

ညီမပြောပြမဲ့ အကြောင်းက ညီမရဲ့ တကယ့် ဖြစ်ရပ်ပါ။ ညီမတို့ မိသားစုက ငါးယောက်ရှိပါတယ်။ အမေရယ်၊ ကိုကြီးရယ်၊ အစ်မနှစ်ယာက်ရယ်၊ ညီမရယ်ပေါ့။ ငယ်ငယ်လေးကတည်းက အဖွားတို့နဲ့ အတူနေပြီး ညီမ ၇ တန်း ပြီးတော့ ဆင်မလိုက် အဝေးပြေးက ဟိုင်းဝေး complex ကို ပြောင်းနေကျတယ်။ နည်းနည်းလေးလည်း အဆင်ပြေလာတာကြောင့် အဖွားတို့ဆီမှာ မနေဖြစ်တော့တာပါ။

ညီမတို့ပြောင်းတဲ့ နေရာက အခန်းတွေက အကျယ်ကြီးတွေ ကွန်ဒိုခန်းနီးပါးလောက် ရှိတယ်။ ဆောက်ပြီးခါစ သိပ်မကြာသေးတော့ လူလည်းသိပ်မရှိဘူး။ တိုက်တစ်တွဲလုံးမှ ၆ ခန်းလားပဲ လူရှိတယ်။ ညီမ တို့ မျက်နှာစာဘက်ဆို ညီမတို့ အခန်းပဲ လူနေတာ။ ကျန်တဲ့ အခန်းတွေဆို အကြမ်းထည်သာသာပဲ ရှိသေးတယ်။

ဒါနဲ့ အပေါ်ထပ် အမိုးက တခြားတိုက်တွေလို မဟုတ်ဘူး။ တစ်တိုက်လုံးကို လျှောက်သွားလို့ရတယ်။ အပေါ်မှာ ကြက်တောင်ရိုက်လို့ရအောင် ကျယ်တယ်။ အော် ဒါနဲ့ ညီမတို့မှာ ခွေးမလေး တစ်ကောင်ရှိတယ်။ အာ့ အခန်းမှာနေကြတာ အားလုံးပေါင်း ၆ ယောက်ပေါ့ ။

ဒီလိုပဲ နေလာကြတာ ဘာမှမဖြစ်ဘူး ထူးထူးဆန်းဆန်းတွေ အသံကြားတာတော့ ရှိတယ်။ ဒါပေမဲ့လည်း တစ်အိမ်လုံးက သိပ်ပြီး ဂရုမစိုက်ဘူး။ တခြားအခန်းက တံခါးတွေ လေတိုက်လို့ ဖြစ်တာ လို့ပဲဆိုပြီး နေကြတာ။ အိမ်မှာ အမေက ဘုရားစင် ကို ဖုံတင်ရင် ဆူတယ် မကြိုက်ဘူး။ ပြီးတော့ မနက်တိုင်း မေတ္တာပို့ ဖွင့်တယ်။ ညအိပ်ရင် ညီမနဲ့ အမေက တရားနာပြီး အိပ်တယ်။

ညီမ ကျောင်းက မနက်ပိုင်းဆိုတော့ ၅ ခွဲလောက်ထပြီး သွားရတယ်။ ကျောင်းကို အစကတော့ အမေက လိုက်မပို့ဘူး။ အောက်ကို ညီမတစ်ယောက်တည်း သွားရတာ။ နောက်ရက်တွေကြတော့ အမေက ခွေးလေးကိုခေါ်ပြီး လိုက်ပို့တယ်။ သူကတော့ မနက်စောစော လမ်းဆင်းလျှောက်ချင်လို့ လို့ပြောပြီး အာ့ ဝန်းထဲက ထွက်တဲ့အထိ လိုက်ပို့တယ်။

တစ်ရက် ညီမ နေမကောင်းဖြစ်ချင်နေလို့ အမေစိတ်ပူမှာစိုးလို့ အပြင်မှာ မအိပ်ပဲ အခန်းထဲ ဝင်အိပ်နေတုန်း အိပ်မက်လိုလို အပြင်မှာ တကယ်လိုလို အဖြစ်မျိုး ကြုံလာတယ်။ ကောင်မလေးတစ်ယောက် ဆံပင်အတို ဂုတ်ဝဲလောက်ပဲ ရှိမယ်။ ဂါဝန် အပြာနုလေးနဲ့ အခန်းထဲ ဝင်လာတယ်။ ပြီးတော့ ကုတင်ဘေးမှာထိုင်ပြီး ညီမကို

“နင်ကလဲ ဟယ် ဒီအချိန် နင်အိပ်နေရင် ထပ်ဖျားနေမယ်။ အဒေါ် အပြင်မှာ တစ်ယောက်တည်း။ နင် သွားနေလိုက်ဦး။ ထတော့ ဖျားနေမယ်….” လို့ ပြောတယ်။

“နင် ဒီအခန်းကို ဘာလာ လုပ်တာလဲ ….” လို့ သူ့ကို မေးတော့

“ငါက ဒီမှာနေတာ ကြာလှပြီ။ ဒါတွေတောင် မဆောက်ရသေးဘူး။ ဒီတစ်ဝန်းလုံး ငါသွားချင်တဲ့နေရာ သွားလို့ရတယ်” ဆို ပြီး ပြောသွားတယ်။ ပြီးတော့ “ငါ ပျင်းလို့ပါ။ ပြီးတော့ နင်တို့နဲ့ နေရတာ အဆင်ပြေတယ်” လို့ ပြောပြီး ပျောက်သွားတယ်။

ညီမလည်း အိမ်ကို အမေ့ အသိတွေထဲက ဧည့်သည်လာလို့ ပါလာတယ်ပဲ ထင်လိုက်တာ။ ညီမ အပြင်ထွက်ပြီး အမေ့ဆီသွားတော့ အမေက အခွေကြည့်နေတယ်။ အမေ ခုဏက ကောင်မလေးက ဘယ်သူလဲလို့ မေးတော့ အမေက ဘာလဲ တဲ့ မသိဘူး ဆိုပြီး ပြောတယ်။ ဒါနဲ့ ညီမလည်း အိပ်မက်နေမှာပါဆိုပြီး ထားလိုက်တယ်။ မေ့မေ့ ပျောက်ပျောက်ပဲ။

နောက်ရက်တွေ ကျောင်းသွားတော့ အမေက လိုက်ပို့နေတုန်းပဲ အောက်ကို။

နောက် ဒီဇင်ဘာ စာမေးပွဲ ဖြေရခါနီး ညီမ မနက် လေးနာရီလောက် စာကျက်နေတုန်း နားနားကပ်ပြီး “ဟဲ့ နင့်အမေကိုသွားနိုး သူ ဘီလူးစီးခံနေရတယ်” ဆိုပြီး ပြောသံ ကြားလိုက်တယ်။ အသံက လေသံလေးနဲ့ ပြောသလိုမျိုးလေးပါ။

အာ့နဲ့ ညီမလည်း အမေ့ကို သွားနိုးတော့ အမေ ချွေးတွေရွှဲနှစ်ပြီး အသက်ရှူတာလည်း အရမ်းမြန်နေတယ်။ ညီမလည်း စိုးရိမ်ပြီး အမေ့ကို အတင်းနိုးတာပေါ့။ အမေ့မှာ နှလုံးကြပ်တဲ့ ရောဂါရှိတယ်လေ။ အာ့တော့မှ အမေ နိုးလာတယ်။ လန့်ပြီး ဘုရားသောက်တော်ရေ ယူခိုင်းတယ်။ ဘာမှတော့ မပြောဘူး။ မျက်စိမျက်နှာတော့ ပျက်နေတယ် ပြန်လဲ မအိပ်တော့ဘူး ။

ညီမလည်း ကျောင်းသွားဖို့တွေ ပြင်ပြီးတော့ အမေက သူလည်း လိုက်မယ်တဲ့ အဖွားတို့ ဘက်ကို ညီမကို လိုက်ပို့မယ် ပြောတယ်။

ကျောင်းက ပြန်ရောက်တော့ အမေက ညီမကို အိမ်မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်ရင် လျှောက်ပြီး မပြောရဘူးဆိုပြီး မှာတယ်။ အစ်ကိုတွေကိုကော အစ်မတွေကိုကော။ ပြီးတော့ ပြောပြတယ်။ ညီမ မနက်သွားရင် ညီမနောက်က ခြေသံတစ်ခု အမြဲ ကြားကြားနေရလို့ လိုက်ပို့တာတဲ့။ ပြီးတော့ စိတ်လည်း မသန့်သလို ဖြစ်နေတယ် ဆိုပြီး ပြောပြတယ်။

ညီမက အပြင်ရောက်တာနဲ့ နားကြပ်တပ်ပြီး သွားတော့ အသံ တွေကို သတိမထားမိဘူးလေ။ အမေတို့ကိုလည်း ညီမ ကြုံတဲ့ ဟာတွေ ပြောပြလိုက်တယ်။ သူလည်း အန္တရာယ် မပေးပါဘူး ဆိုပြီး ထားလိုက်ကြတယ်။ ကြားထဲမှာတော့ ဘာမှ သိပ်မဖြစ်တော့ဘူး။

နောက် နာဂစ်ဖြစ်တဲ့ နေ့က အမေ့ကို အရမ်းချစ်တဲ့ သူ့မောင် တစ်ယောက် ဆုံးသွားတယ်။ မုန်တိုင်းထဲမှာပဲ ဆုံးသွားတာ။ အဲ့အချိန်က ဖုန်းလိုင်းတွေကော အဆက်အသွယ်တွေကော ပြတ်နေတော့ ဘာမှမသိရဘူး။ ရက်မလည်ခင် တစ်ရက်ကြတော့ အမေ့ကို အဲ့ဦးလေးက အိပ်မက်လာပေးတယ်။ အစ်မ ငါ သွားရတော့မယ် ဆိုပြီး ပြောတယ်။

ပြီးတော့ သူ့ကို ရက်လည်ရက်အတွင်းမှာ ဘယ်သူက ဘာလုပ်တယ် ဘယ်သူက ဘယ်လိုလုပ်တယ် ဆိုပြီး လာတိုင်သွားတယ်။ နောက် ထပ်ပြောသွားတယ်။ နင် စိတ်ပူနေသလိုမျိုး အန္တယ်ရာယ်ပေးမဲ့သူ မဟုတ်ဘူး။ ပိစိကွေး (အဲ့ဒါ ညီမ အိမ်ခေါ်နာမည်ပါ) ကို ချစ်လို့ လာနေနေတာ ဆိုပြီး ပြောသွားတယ်။

မနက်မိုးလင်း သူနိုးလာတာနဲ့ ချက်ချင်း ရွှေပြည်သာသွားမယ် ဆိုပြီး ညီမကို ခေါ်ပြီး လိုက်သွားတာ ဟိုရောက်တော့ ရက်လည်လုပ်နေပြီ။ အမေ့ကို လာတိုင်သွားတဲ့အတိုင်း အမေလည်း ပြန်ရန်တွေ့တော့တာပဲ။ အဲ့ကြမှ အကုန်လုံးက ငိုကြရော။

ညီမတို့ ပြန်လာတော့ ၆ နာရီလောက်ရှိပြီ မီးတွေကလည်း ပြန်မလာသေးဘူး။ ပူလို့ဆိုပြီး အမေရယ် အစ်မကြီးရယ် ညီမရယ် ၃ ယောက် ဝရံတာမှာ ထွက်ထိုင်နေတုန်း အိမ်ထဲကနေ ပိစိကွေးရေ ဆိုပြီး အသံအကျယ်ကြီး ထွက်လာတယ်။ တစ်အိမ်လုံးမှာလည်း ၃ ယောက်ပဲ ရှိတာ။ အိမ်အောက်မှာလည်း ဖြတ်သွားဖြတ်လာ လူက မရှိဘူး။ အိမ်ကို လာမဲ့ သူလည်း မရှိဘူးလေ။

အမေက ကြောက်မှာစိုးလို့ နားကြားမှားတာ ဆိုပြီးပြောတယ်။ အစ်မကလည်း မကြားချင်ယောင်ဆောင်နေတယ်။ နောက်ကြတော့ အာ့လိုမျိုး အသံပေးတာတွေ ဘာတွေ မလုပ်တော့ ပါဘူး။ တစ်ခါတစ်လေ ညီမ အန္တရာယ် ဖြစ်ခါနီးဆို အိပ်မက်ပေးတယ်။ နင် ဒီနေ့ ဘယ်မသွားနဲ့ ဘာမလုပ်နဲ့ ဘာကို ဂရုစိုက်ဆိုပြီး ပြောပြတယ်။ အဲ့လို ရက်တွေဆိုရင် ညီမ ခါးက မှဲ့က အပ်နဲ့ ထိုးသလိုပဲ စူးကနဲ စူးကနဲ ဖြစ်တယ်။

တစ်နှစ်ခွဲလောက် အဲ့အိမ်မှာ နေပြီးတော့ ညီမတို့ အိမ်ထပ်ပြောင်းတယ်။ နောက်လာတဲ့ သူတွေက ဘုရားတရားလည်း သိပ်မလုပ်ကြဘူး။ ပါတီလုပ်တယ် ဘီယာသောက် အရက်သောက်နဲ့ လုပ်တယ်။ တစ်ပတ်လောက်နေတော့ အမေ့ဆီ ဖုန်းဆက်တယ်။ သူတို့ အဲ့အိမ်မှာ အိပ်လို့မရဘူး ဆိုပြီး။ ကုတင်ပေါ် အိပ်နေရင် ကုတင်အောက်ဆွဲချတယ်။ အခန်းထဲ အိပ်နေရင် အခန်းပြင် ရောက်နေတယ်လို့ ပြောတယ်။

အမေက ဘာတွေလုပ်လဲ အိမ်မှာ ဘာတွေဖြစ်လဲ မေးတော့ အမေထားခဲ့တဲ့ ဘုရားကျောင်းဆောင်ရဲ့ အမိုးက ကွဲသွားတယ်တဲ့။ နောက် တစ်လလောက်ကြာတော့ အဲ့အခန်းမှာ လူမနေတော့ဘူး။ သရဲခြောက်တယ် ဆိုပြီး ပြောင်းသွားကြတယ် လို့ ပြန်ကြားတယ်။

ဒီလိုနဲ့ ၃ လ လောက်ကြာတော့ ညီမကို အိပ်မက်ထပ်ပေးတယ်။ ငါနင်ရှိတဲ့နေရာမှာ နေချင်တယ်လို့ ပြောတယ်။ ညီမလည်း အိမ်ရှေ့မှာ ညီမ စိုက်ထားတဲ့ သရက်ပင် ရှိတယ်။ အဲ့မှာနေလို့ အဆင်ပြေရင် နေဆိုတော့ သူက ကျေးဇူပဲ ပြောပြီးပျောက်သွားတယ်။

ညီမ သူ့ကို အိပ်မက်ထပ်မက်တော့ အစ်ကို့ကို ပဉ္ဇင်းတက်ခါနီး ရက်မှာပါ။ ငါ့ကို အမျှဝေပေးပါ။ ငါ့နာမည် နှင်းဝေ။ ငါသွားတော့မယ် ဆိုပြီး ပြောသွားတယ်။ အစ်ကို့ ပဉ္ဇင်းတက်တော့ သူ့ကို အမျှဝေလိုက်တယ်။ ညကျတော့ သူ သွားတော့မယ်လို့ ပြောပြီး ညီမကို ဖတ်ထားပြီး ပျောက်သွားတယ်။

အခုထိ သူ့ကို သတိရတိုင်း သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်ပေးမိတယ်။ သူ ညီမကို ကူညီပြီး အမြဲစောင့်ရှောက်ပေးခဲ့တာပါ။ တခြားသူတွေ အတွက် သရဲဆိုရင် ကြောက်လန့်စရာ ဖြစ်နိုင်ပေမဲ့ နှင်းဝေက ညီမအတွက် သူငယ်ချင်းတစ်ယောက် အစ်မတစ်ယောက်လိုပါပဲ။

နှင်းဝေရေ နင်ရောက်လေရာ ဘဝတိုင်း အခုလို စိတ်ထားဖြူစင်ပြီး အရာရာပြည့်စုံတဲ့ သူ ဖြစ်ပါစေလို့ ငါအမြဲ ဆုတောင်းပေးတယ် သိလား။

ဒါ ညီမရဲ့ တကယ့် အဖြစ်အပျက်ပါ။

ပြီးပါပြီ။