တစ်ညတော့ အိပ်လိုက်မယ်

တစ်ညတော့ အိပ်လိုက်မယ်
ရေးသားသူ – အမည်မသိ

ကိုဖိုးလုံးဆိုရင် သူ့ကို အဲဒီဘက်မှာ သိသူ ခင်သူ များတယ်လေ..။ သူက ခရကတွေကော၊ ဘာတွေကော၊ ညာတွေကောနဲ့ပါ အဆက်အဆံရှိတဲ့သူကိုး..။

ဒီလိုနဲ့ တစ်ရက်တော့ တပ်ထဲက သူ့ကို ခေါ်ပါလေရော..။ တပ်ရင်းမှူးက တွေ့ချင်တယ်ဆိုလို့..။ အဲဒါနဲ့ တပ်ထဲသွားဖို့ ပြင်ရတာပေါ့..။ သူကိုယ်တိုင်ကလည်း ရုံးနဲ့ တစ်ဖက်ဆိုတော့ ရုံးဆင်းတော့မှပဲ တပ်ထဲကို သွားဖို့ပြင်ရတယ်..။

တပ်ထဲရောက်တော့ နေကဝင်ပြီးနေပြီ..။ နောက်ပြီး နယ်ဘက်ဆိုတော့ တော်ရုံတန်ရုံ မီးတွေ သိပ်မထွန်းဘူးလေ..။ အဲဒီတော့ လမ်းမတို့လောက် ဘာတို့လောက် မီးက လင်းတာကိုး..။ အဆောင်တွေ၊ တန်းလျားတွေကိုကျော်ပြီး တပ်ရင်းမှူး နေတဲ့ဘက်ကို သွားရတာ..။ ကားလမ်းက ပတ်ရတယ်။ လူသွားလမ်းကတော့ တိုတယ်..။ တပ်သားတွေ နေတဲ့ အဆောင်ဘေးကနေ တံတားလေးအတိုင်း ဆင်းသွားလိုက်ရုံ..။ မီးတော့ မရှိဘူး..။ အချိန်ကလည်း ညီအစ်ကို မသိတသိအချိန် ရောက်နေပြီလေ..။

တစ်ယောက်ထဲ သွားရတာ မဟုတ်တာတော့ တော်သေးတာပေါ့..။ ကိုဖိုးလုံးနဲ့အတူ အဖော်တစ်ယောက်ပါလာတယ်..။ နှစ်ယောက်သား စကားပြောရင်း ဝင်လာလိုက်တာ တံတားထိပ်ကိုရောက်လာတယ်..။ ဘေးတစ်ဖက်တစ်ချက်မှာက အပင်တွေနဲ့..။

အဲဒီမှာ ကုန်းဆင်းလေးအတိုင်း လူတစ်ယောက် တက်လာတာ တွေ့လိုက်ရတယ်..။ ကိုဖိုးလုံးတို့ကို မြင်တော့ ခပ်သုတ်သုတ် ကုန်းပေါ်ကို ပြေးတက်သွားတယ်..။ မီးမရှိတော့ ဘယ်သူမှန်း မသိပေမယ့် သွားလာပုံအရ စစ်သားတစ်ယောက်ဆိုတာတော့ သိလိုက်တယ်လေ..။

တံတားအတိုင်း တပ်ရင်းမှူးအိမ်ဘက် ဆင်းလာတော့ နောက်ကနေ တစ်ယောက်ယောက် လိုက်လာသလို ခံစားရတယ်..။ အဲဒါနဲ့ လှည့်ကြည့်လိုက်တော့ သစ်ပင်တွေကြားထဲ လှစ်ခနဲ ဝင်သွားတာ မြင်လိုက်ရတယ်..။ ဆက်ကြည့်နေလိုက်တော့ သစ်ပင်နောက်က ခေါင်းပြူပြီး လှမ်းကြည့်လာတာကို တွေ့လိုက်ရတယ်..။

ကိုဖိုးလုံး စိတ်ထဲမှာ တင်းခနဲတော့ ဖြစ်သွားတယ်…။ တပ်ထဲကို လာနေကြပဲကို အခုလို လိုက်ပြီး ချောင်းခိုင်းထားတာတော့ လွန်တယ်လို့ ခံစားမိတယ်လေ..။ ဘာမှ ပြောမနေပဲ ဆက်သွားလိုက်တယ်..။ တပ်ရင်းမှူးအိမ်ရောက်တော့ စကားပြောရင်း မအောင့်နိုင်တော့တာနဲ့ ကိုဖိုးလုံးလည်း စကားစလိုက်တယ်..။

“တပ်ရင်းမှူးကြီးက ကျွန်တော့ကို စိတ်မချဘူးထင်ပ..။ အထောက်တော်တွေ လွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်”

ကိုဖိုးလုံး စကားလည်း ဆုံးရော

“ဟာ.. ကိုဖိုးလုံးကလည်း ကျုပ်ဘာမှ မစောင့်ခိုင်းဘူး…။ ဆိုဘာဦး ဘာတွေ မြင်လာလို့လဲ”

ကိုဖိုးလုံးလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်..။ တပ်ရင်းမှူးက ပြန်ပြောတယ်…

“အင်း ဒါဆို ခင်ဗျားတို့ ဆရာကျော်နဲ့ တွေ့ခဲ့ပြီထင်တာပဲ…။ ကျုပ်ပြောတဲ့ နာမည်ကို သေချာမှတ်ထား..။ ဘာလို့လဲဆိုရင် ခင်ဗျားတို့လာတဲ့လမ်းမှာ ကျုပ်တစ်ကောင်မှ အစောင့်ချမထားဘူး..။ ဒီအချိန် ဒီဘက်ကိုလည်း ကျုပ်မခေါ်ပဲ ဘယ်သူမှ ဝင်လို့မရဘူး..။ အဲ.. ဆရာကျော်ကတော့ အရင်ကတည်းက လာတတ်တယ်..။ အခု သူ ရှေ့တန်းမှာ ကျသွားတော့ ပိုတောင် အလာစိပ်သေးတယ်..။”

ကိုဖိုးလုံး လန့်သွားတယ်..။ ဒါပေမယ့် ယုံတော့ မယုံဘူး..။ တပ်ရင်းမှူးက တမင် ခြောက်တာလို့ပဲ ထင်လိုက်တာကိုး..။ ဒါပေမယ့် ပြန်တော့ ပြောမနေတော့ဘူး..။ တပ်ရင်းမှူးကလည်း

“ကဲ … လာ ကိုဖိုးလုံး..။ နာမည်ကို သေချာမှတ်ထားနော်..။ နာမည်အပြည့်အစုံက ………………. တဲ့…။ လာ.. ။ ကျုပ် ကင်းလိုက်စစ်လိုက်ဦးမယ်..။ ခင်ဗျားတို့ လိုက်ခဲ့…”

အဲဒါနဲ့ ကိုဖိုးလုံးတို့လည်း တပ်ရင်းမှူးနဲ့ လိုက်သွားတယ်..။ လမ်းတစ်လျှောက် ရှင်းနေတာပဲ..။ အဲ.. တပ်သားတွေနေတဲ့ အဆောင်နားရောက်တော့ ကင်းတဲတစ်ခု ရှိတယ်..။ အစောင့်တပ်သားကို တပ်ရင်းမှူးက လှမ်းမေးလိုက်တယ်..

“ဟေ့ကောင်တွေ မင်းတို့ ဘယ်သူ့ကို ငါ့အိမ်ဘက် လွှတ်လိုက်သေးလဲ”

“မလွှတ်ပါဘူးဆရာ.. ဘာဖြစ်လို့လဲ”

“အေး.. ဒီက ကိုဖိုးလုံးက ဟိုအပင်တွေကြားမှာ လူတစ်ယောက် သူ့ကို လိုက်ချောင်းလို့တဲ့…”

“ဟာ.. ဒါဆိုရင် ဆရာကျော်နဲ့ တိုးခဲ့ပြီထင်ပ”

တပ်သားရဲ့ စကားအဆုံးမှာ ကိုဖိုးလုံး ကြက်သီးမွှေးညှင်းထသွားတယ်..။ ဒါပေမယ့် မယုံသေးဘူး…။ ဒါကို တပ်ရင်းမှူးက သိတယ်ထင်ပါတယ်..။ သူ့နောက် ဆက်လိုက်ဖို့ခေါ်တယ်..။ နောက် တဲတစ်ခုဆီအကူးမှာ အဆောင်လေးငါးဆောင်ကို ဖြတ်သွာ။ရတယ်..။ အဆောင်တစ်ခုက မီးလင်းနေပြီး စကားသံတွေ၊ ရယ်သံတွေ၊ ခွက်သံတွေနဲ့ ဆူညံနေတယ်..။ နောက်ကင်းတဲရောက်လို့ တပ်ရင်းမှူးက မေးတော့လည်း ထင်ကြေးက ဆရာကျော်ကနေ ကျမလာဘူး..။

“ကဲ.. ကိုဖိုးလုံး ပြန်ရအောင်… ”

တပ်ရင်းမှူးခေါ်တော့ ပြန်လိုက်လာလိုက်တယ်..။ ခုနက ဆူညံနေတဲ့အဆောင်က တပ်ရင်းမှူးလာတာ သိသွားပုံပဲ..။ မှောင်မဲတိတ်ဆိတ်နေတယ်..။

“ကိုဖိုးလုံး.. ကျုပ်တို့ ဒီဘေးက ဖြတ်သွားတာ မှတ်မိတယ်နော်..။ ဟိုဘက်အသွားတုန်းက ခင်ဗျား ဘာတွေ့လိုက်သေးလဲ”

“မှတ်မိပ တပ်ရင်းမှူးရာ..။ တပ်သားတွေ ဆူညံနေတာ..။ အခုတော့ သူတို့ မဟုတ်တဲ့အတိုင်းပဲ..”

“အေး… ဟုတ်တယ်..။ ခင်ဗျားသိအောင် ပြောပြမယ်..။ အဲဒီအဆောင်က ပစ္စည်းပဲထားတာ..။ လူမနေဘူး..။ ခင်ဗျားကြားတယ်ဆိုတာ တစ်လောကက အုပ်စုလိုက်ကျသွားတဲ့ ရဲဘော်တွေ တပ်ထဲ ပြန်လာနေနေတာ..”

တပ်ရင်းမှူးစကားအဆုံးမှာ ကိုဖိုးလုံး တုန်သွားတယ်..။ ခေါင်းတွေကြီးလာတယ်…။ ဒီလိုနဲ့ ပြန်လာလိုက်တာ တံတားနားပြန်ရောက်လာတယ်..။

“ကိုဖိုးလုံး.. ခင်ဗျားပြောတော့ သစ်ပင်ကွယ်ပြီး ချောင်းကြည့်တယ် ဟုတ်လား…”

“ဟုတ်တယ်လေ..”

“ဒီသစ်ပင်တွေလား လူကွယ်လို့ရမှာ…”

ပြောပြောဆိုဆို လက်နှိပ်ဓာတ်မီးနဲ့ သေချာ ထိုးပြလိုက်တော့ အရင်က သစ်ပင်ကြီးတွေကို ရှင်းထားပြီး သစ်ပင်အသစ် စိုက်ထားတာကို သတိထားမိလိုက်တယ်.။ သစ်ပင်ရဲ့ ပင်စည်တွေကလည်း အလွန်ဆုံးရှိမှ လက်မောင်းလောက်..။ လူတစ်ယောက် ဘယ်လို ပုန်းမှာလဲ..။

“ခင်ဗျား မယုံရင် သူ့နာမည်ခေါ်ကြည့်ဗျာ… ကိုဖိုးလုံး”

တပ်ရင်းမှူးက ခွင့်ပေးပေမယ့် ကိုဖိုးလုံး မခေါ်ရဲတော့ဘူး..။ ဘယ့်နှယ် မတော်လို့ တစ်ကယ်ထွက်လာရင် ဘယ်ပြေးရမှာလဲ..။ အိမ်လည်း ပြန်ရဦးမှာ..။ ဒါပေမယ့် ကိုဖိုးလုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်..။ အိတ်ထောင်ထဲက လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်…။

“မိန်းမလား.. ကိုယ်ဒီည အိမ်မပြန်ဖြစ်ဘူး.. တပ်ထဲမှာပဲ အိပ်လိုက်တော့မယ်….”

ပြီးပါပြီ။