မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာတဲ့လေ

မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာတဲ့လေ

ဒီနေ့ကြမှ အိမ်မှာ ရှုပ်ပွနေတာနဲ့ ရှင်းလင်းစရာတွေကို တစ်ခါတည်း ရှင်းလင်းပြီး ညနေစာကိုလည်း ချက်။ အင်း…. အလုပ်တွေပြီးလို့ နာရီကြည့်မိလိုက်တော့ အော် 8 နာရီတောင်ခွဲပြီပဲ။ သမီးလေးကို ကျူရှင်ကနေ သွားကြိုဖို့ နောက်တောင်ကျတော့မယ် (ကျုရှင်ဆိုပေမဲ့ ကျောင်းက ဆရာမက သင်တာပါ) လုပ်စရာလေးတွေ လက်စသတ်ပြီး ကျူရှင်ကြိုဖို့ လုပ်ဦးမှ….။

ကိုယ့်ဘာသာကို တစ်ကိုယ်တည်း ရေရွတ်ပြီး လုပ်လက်စ အလုပ်တွေကို ဖြတ်ပြီး သမီးလေး ကျူရှင် ရှိရာသို့ ထွက်လာခဲ့ပါတယ်…။ မီးများ ပြတ်နေ၍ ဓါတ်မီးကိုလည်း ယူလာခဲ့ပါတယ်။

နွေရာသီဆိုပေမဲ့လည်း ဒီနေ့မှ လေတအားတိုက်ပြီး စိမ့်ပြီး အေးသလို ခံစားနေရတယ်။ သမီးလေး ကျူရှင်တက်သော အိမ်က ကျမတို့ရွာရဲ့ ထိပ်ဆုံးမှာပါ။ သမီးလေးကတော့ (၃) တန်းပဲ ရှိပါသေးတယ်။ သွက်သွက်လက်လက် စပ်စပ်စုစုလေး နေတတ်လို့ သမီးလေးကို ရွာက လူတော်တော်များများက ချစ်ကြပါတယ်။

ဒီလိုနဲ့ ရွာထိပ်ရောက်ဖို့ ၅ အိမ်လောက်အလိုမှာ ဖယောင်းတိုင်မီးလေး မှိတ်တုပ်မှိတ်တုပ်နဲ့ အိမ်ရှေ့တွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားပါတယ်။

” ဟင် “

“မ……. “

” အသက် (၂၈) နှစ် “

အော် …. မထင်မှတ်ထားသော အသုဘပါလား…။ ဒီအိမ်က ကောင်မလေးက အိမ်ထောင်ပြုတာ (၂) နှစ်လောက်ပဲ ရှိသေးတာ။ ပြီးတော့ လက်ထပ်ပြီးပြီးချင်း ဒီရွာကို ပြောင်းလာတာ။ သူ့ယောကျ်ားက ဒီရွာ ဇာတိလေ။ အခုတော့ ဆုံးပြီတဲ့…။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမီးလေးကို ကျူရှင်ကြိုရင်း ကိုယ်ဝန်ကြီးနဲ့ သူ့အိမ်ရှေ့မှာ လမ်းလျှောက်နေတာ တွေ့လိုက်မိပါတယ်။ ဘယ်လိုဖြစ်… အင်း …. လူဆိုတာလည်း ပြောလို့မရပါဘူးလေ….. သေတစ်နေ့ မွေးတစ်နေ့ဆိုတာ..။

ဒီလိုနဲ့ သမီးလေးကို ကျူရှင်ကနေကြိုပြီး ပြန်လာတော့ သမီးလေးက မေးတယ်..။

” မေမေ… ဟိုအိမ်မှာ လူတွေအများကြီးပဲ ဘာတွေလုပ်နေကြတာလဲတဲ့…”

ကျမလည်း “သမီး… အဲဒီအိမ်ကို ကျော်သွားရင် နောက်ကို ပြန်လှည့်မကြည့်ရဘူးနော်”

ပြောလို့ပင် မဆုံးသေး…

“အားးးးးးးးးးးးးးးးးးး မေမေ ”

ဟူသော အော်သံကို သမီးလေးဆီမှ ကြားရပြီး တခြား ဘာထူးသံမှ မကြားရတော့…

“သမီးလေး… သမီးလေး..”

နောက်နေ့မနက်မိုးလင်း (၈) နာရီလောက်မှ သမီးလေး သတိရလာတယ်။ အဲတော့မှ ကျမလည်း ရင်ထဲမှာ ဆို့နစ်နေတာတွေ ပျောက်ပြီး သက်ပြင်းချနိုင်တော့တယ်။ သမီးလေးမျက်နှာကို ကြည့်ရတာ တစ်ခုခုကို ကြောက်နေပုံရတယ်။

” မေမေ …… သမီး ညကလေ … ဟို ဆိုင်းဘုတ် ထောင်ထားတဲ့ အိမ်ကို ကျော်လာတော့ မေမေက နောက်လှည့် မကြည့်နဲ့လို့ သမီးကို ပြောတယ်လေ…။ ဒါပေမဲ့ သမီးနောက်ကနေ ကလေးငိုသံ၊ လူတွေ လမ်းလျှောက်သံတွေ ကြားလိုက်ရလို့ နောက်လှည့်ကြည်လိုက်တော့ ယောကျ်ားလေးယောက်က အခေါင်းကို ထမ်းလာပြီး အခေါင်းပေါ်မှာ မိန်းမတစ်ယောက်က ဆံပင်ဖားလားချပြီး ကလေးလေး တစ်ယောက်ကို နို့တိုက်နေတာကို တွေ့လိုက်ရတယ် မေမေ”

အော် …. ကျွန်မ စုံစမ်းကြည့်တော့ သေသွားတဲ့ ကောင်မလေးက သူ့အိမ်မှာ ကလေး မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာတဲ့လေ။

Credit : မူရင်းရေးသားသူ