ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲ ဖြစ်သွားသော ဘုန်းကြီးဦးနန္ဒ

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ သရဲ ဖြစ်သွားသော ဘုန်းကြီးဦးနန္ဒ

ပေါက်ခေါင်းမြို့နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီးဦးနန္ဒ တဲ့။ အသံကောင်း၊ အပြောကောင်း၊ အဟောကောင်း ဓမ္မကထိက တစ်ပါးဖြစ်လို့ ပေါက်ခေါင်းမြို့နယ်တဝိုက် သာရေး၊ နာရေး ကိစ္စတွေမှာ ပွဲတိုင်းကျော် ဖြစ်ခဲ့ပါတယ်။ ပစ္စည်းလေးပါး ပေါများရုံမကပဲ ဝတ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒ တစ်ပါး သူခိုး ဓါးပြ ရန်ကို ကြောက်လာပါတယ်။

ဒါနဲ့ပဲ သပိတ်ကြီးတစ်လုံးမှာ ဝတ္ထုငွေတွေ အပြည့်ထည့်ပြီး သူ့ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီး မြုပ်ထားလိုက်ပါတယ်။ သူခိုး ဓါးပြ ထက် နှစ်ဆဆိုးတဲ့ လောဘဆိုတဲ့ တရားဆိုးကြီး သူ့သန္တာန်မှာ ရောက်လာပြီဆိုတာ သူ့ခင်မျာ မသိရှာဘူး။

တစ်နေ့ အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့ ဖြစ်လာတဲ့ လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါတယ်။ ရဟန်းတော်တစ်ပါး ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အထက်နတ်ဘုံကို ပျံတော်မူရမှာပါ။ အခုတော့ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်အပေါ် စွဲလမ်းတဲ့ လောဘကြောင့် ကျောင်းဝိုင်းထဲမှာပဲ သံပရာခွံ ဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေ သွားဖြစ်ပါတယ်။

စာတတ်ပေတတ် ဘုန်းကြီးဘ၀က လာတာဆိုတော့ ငွေသပိတ်ကို စွဲလမ်းတဲ့ လောဘကြောင့် အခုလို ဘဝ ရောက်ရတယ်ဆိုတာ သေချာသိတယ်။ ဒါကြောင့် သူ့ကျွတ်လမ်း လွတ်လမ်းကို ရှာတဲ့အနေနဲ့ နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကိုယ်ထင်ပြပြီး အကူအညီတောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးတွေက ကြောက်တတ်သူတွေဆိုတော့ သရဲခြောက်တယ်ဆိုပြီး ထွက်ထွက်ပြေးကြတာနဲ့ သူ့ဆန္ဒ မပြည့်ဝခဲ့ဘူး။

ဒီလိုနဲ့ နှစ်အတန်ကြာတော့ သတ္တိရှိတဲ့ ဒကာတစ်ယောက် ဦးနန္ဒကျောင်းကို ရောက်လာပါတယ်။ လာတာက သူ့ငယ်ချင်းအိမ်ကို လာတာပါ။ သူငယ်ချင်း မရှိပဲ ဇနီးသည်တစ်ယောက်ပဲရှိတဲ့ အိမ်မှာ ညအိပ်ရမှာ မသင့်တော်လို့ ဦးနန္ဒကျောင်းကို လာအိပ်ခြင်းပါပဲ။

ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ ဦးနန္ဒကို ဒကာက သတ္တိကောင်းသူဆိုတော့ ဘာမပြောညာမပြော ချက်ချင်းထပြီး နပန်းလုံးတယ်။ ပြီးတော့ သရဲခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်ဖြူကို ဖြုတ်ယူမိသွားတာနဲ့ သရဲဟာ အားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ် ပုံကျသွားတယ်။

အဲ့ဒီအခါကျမှ ဦးနန္ဒတစ်ဖြစ်လဲ သရဲက ဒကာတော် သတ္တိကောင်းတဲ့သူနဲ့ တွေ့ရလို့ အားရဝမ်းသာ ဖြစ်ရပါတယ်။ ငါဟာ ဒီကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးပါ။ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်ကိုစွဲခဲ့လို့ မကျွတ်မလွတ် ဖြစ်နေရတာပါ။ ဒကာ ငါ့ကိုကူညီပါ။ အဲဒီ ငွေသပိတ်ကို ဖော်ယူပြီး သံဃာတွေပင့်၊ ဆွမ်းတွေ၊ သင်္ဃန်းတွေလှူပြီး ကျွန်ုပ်ကို အမျှပေးပါ။ ကျန်တာကို ဒကာသုံးပါလို့ ပြောတဲ့အတွက် ဒကာကလည်း ပြောတဲ့အတိုင်း လုပ်ပေးတယ်။ အဲ့ဒီတော့မှ သရဲဘ၀က လွတ်သွားခဲ့ရပါတယ်။

ဇာတ်လမ်းကတော့ ဒါပါပဲ။ မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ အသေမြတ်ချင် သေနည်းသင် စာအုပ်က ထုတ်ယူဖော်ပြတာပါ။

ဘုန်းကြီးကလည်း လောဘနဲ့ သေတယ်။ ဒိဌိလည်း မပယ်ရသေးတော့ ငါစွဲ စွဲပြီးသေလို့ သရဲဖြစ်တာပါ။ တကယ်ပယ်ရ သတ်ရမှာက ဒိဌိ ဖြစ်ပါတယ်။ ဓါတ်တော်ကျသွားပြီ ဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာလည်း ဟောကြားထားပါတယ်။ တခြားသော ဆရာတော်များလည်း သစ္စာတရားဟောရင် ဒီတိုင်းဟောပါတယ်။ သစ္စာ တကယ်သိဖို့ဆိုတာ အရင်ဆုံး သောတာပန်တည်ပြီး ဒိဌိဖြုတ်ဖို့ ဖြစ်ပါတယ်။

ဝီစိကိစ္ဆာက သူ့အလိုလို သေသွားရော။ နာမ်နဲ့ ရုပ်ပဲရှိတယ်။ ငါဆိုတာမရှိဘူး ။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ယောက်ျား မိန်းမ မရှိဘူးဆိုတာ ကွဲကွဲပြားပြား ဖြစ်သွားတဲ့ အရိယာမှာ ငါဆိုတဲ့ သက္ကာယ ဒိဌိ မရှိတော့လို့ လောဘဖြစ်ပေမယ့် အစွဲမရှိဘူး။ ဒိဌိ ဦးဆောင်ခြင်း မရှိတော့ဘူး။

သမီးတော် တရားစခန်း ဝင်စဉ်က ဦပဇင်း ဦးဣဿရိယက ပလ္လင်ပေါ်ကနေ မေးဖူးပါတယ်။ ဘုန်းကြီးနဲ့လူ ဘယ်သူက ပိုပြီး လောဘ ကြီးသလဲတဲ့။ အောက်က သံဃာတော်တွေက ဖြေမဖြေတော့မသိဘူး။ အမျိုးသားရော အမျိုးသမီးယောဂီတွေရော ဝိုင်းပြီး အော်ကြတာ။

ဘုန်းကြီး အဲ့လိုဝိုင်းအော်တော့ ဦပဇင်း မျက်လုံးပြူးသွားတယ် ဟမ် တဲ့။ ဆက်လည်း ပြောပါတယ်။ ဘုန်းကြီးလောဘ အနန္တတဲ့။ ဒါပေမယ့် လူတွေရဲ့ လောဘကတော့ ဘုရားတောင် ခြေရောလက်ရော မြောက်ထားရလောက်အောင် ကြီးတယ်တဲ့။ အသောမသတ်နိုင်ကြပုံများ ပြောပါတယ်။ သို့သော် အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ လောဘကို လောဘမှန်း သိတဲ့အတွက် အစွဲအလမ်း မဖြစ်ပါဘူး။

ဘုန်းကြီးဦးနန္ဒကတော့ အစွဲအလမ်းကြောင့် သရဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါပြီ။ စွဲစွဲလမ်းလမ်း ဖြစ်စေတဲ့ ဒိဌိကို ပယ်သတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit : မူရင်းရေးသားသူ