ထိတ်လန့်ဖွယ်အိမ်

ထိတ်လန့်ဖွယ်အိမ်
ရေးသားသူ – စူးရှ

ဦးအောင်ဖူးနှင့် ဒေါ်မယ်တို့တွင် သားသမီး ၅ ဦး ဖွားမြင်ခဲ့သည်။ မိန်းကလေး ၂ ယောက်၊ ယောကျ်ားလေး ၃ ယောက်နှင့် ပျော်စရာမိသားစု ကမ္ဘာလေးတစ်ခုအဖြစ် တည်ရှိနေသည်။

ဦးအောင်ဖူးသည် ဆန်စက်၊ ဆီကြိတ်စက်၊ လယ်ဧကများစွာ၊ ကျွဲ၊နွားများကို ပိုင်ဆိုင်သည့် တောသူဌေးတစ်ဦးပင် ဖြစ်လေသည်။ အိမ်ဆိုသည်လည်း ထိုခေတ်က ပျဉ်ထောင် သွပ်မိုး အောက်ခံ အုတ်တက်နှင့် ကျယ်ဝန်းသော ဝိုင်းခြံကြီးနှင့် ရွာအလည်မှာ ခန့်ညားစွာရှိနေသည်။

သားသမီးများ အရွယ်ရောက်ကာ အိမ်ထောင် ကိုယ်စီကျလေသည်။ အိမ်တွင် သမီးအလတ် အပျိုကြီးသာ ကျန်ခဲ့သည်။ မိဘများ အသက်အရွယ်ရ၍ ကွယ်လွန်လေသောအခါ အမွေကိစ္စက စလေပြီ။ အညီအမျှ ခွဲဝေခြင်းထက် လောဘများကိုယ်စီ တက်လာကြသည်။ အထူးသဖြင့် အိမ်နှင့် ဝိုင်းအား ပိုင်ဆိုင်လိုသူက များနေသည်။

အပျိုကြီး မကြည်က သူသာလျှင် ထိုအိမ်ကို ပိုင်ဆိုင်ရမည်ဟုပြောသည်။ အမွေထုံးတမ်း ဥပဒေ အရလည်း လူလွတ်ဖြစ်သောသူသာ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

ဒုတိယသားဖြစ်သူ ကိုသန်း ယုတ်မာလေပြီ။ အင်းတိုက် နတ်တိုက် အောက်လမ်းပညာများဖြင့် ထိုအိမ်အား ချုပ်နှောင်ကာ သူပိုင်ဆိုင်ရန် ကြိုးစားလေသည်။ သို့သော် ဥပဒေအရ ထိုအိမ်အား အပျိုကြီးမှ မဖြစ်မနေ ပိုင်ဆိုင်ခွင့် ရလိုက်လေသည်။ အမွေကိစ္စများပြီး၍ အပျိုကြီးမှာ ညီမကမွေးသော တူလေးနှင့် အတူနေသည်။ လူငှားတစ်ချို့ကိုလည်း ငှားထားသည်။

တစ်ညနေမှာ ဘုရာပန်းရေလဲရန် အိမ်ပေါ်ကိုတက်ပြီး ဘုရားပန်းလဲ ဘုရားဝတ်ပြုပြီး ထအပြန် ဘုရားစင်ပေါ်က ဘုရားပန်းအိုးမှာ ဝုန်းခနဲ ပြိုလဲသွားသည်။ ရုတ်တရက် လန့်ကာသွားသည်။ ပြီးမှ ကြွက်တိုးတာ နေမှာပါဟု တွေးကာ ပြန်ထောင်လိုက်သည်။ အိမ်တံခါးဝသို့ အရောက်တွင်

“တောက် ကွာ”

တောက်ခေါက်သံ ပြင်းပြင်းကို ကြားလိုက်သည်။

“သား အောင်မျိုး မင်းတောက်ခေါက်သေးလား”

“ဗျာ ကြီးကြီး ကျနော် မခေါက်ပါဘူး”

လူငှားတွေထဲက တစ်ယောက်ယောက်နေမှာပါဟု ထင်မိလိုက်သည်။ ထို့နောက် မီးဖိုခန်းဘက်ကူးကာ ထမင်းဟင်း များ ပြင်ဆင်ပြီး လူငှားများအား ခေါ်ကျွေးလိုက်သည်။

နောက်တစ်နေ့ အစ်ကိုအကြီးဆုံး၏သမီးက အိမ်အလည်လာသည်။ နေ့လည် ၁ နာရီထိုးပြီးလောက် ဖြစ်မည်။ တူဝရီးနှစ်ယောက် အာလာပ သလာပများ ပြောဖြစ်ကြသည်။

“ကြီးကြီး ခေါင်းကလည်း ခြောက်ခမ်းနေတာပဲ အုန်းဆီလေး လူးထားဦးလေ”

“အေးဟယ် သမီးရယ် အလုပ်တွေကများတော့ မေ့နေတယ် အိမ်ခန်းထဲက အုန်းဆီပုလင်းယူပြီး လိမ်းပေးစမ်းပါဦး ”

“ဟုတ်ကဲ့ ကြီးကြီး ခဏနော်”

ထို့နောက် အိမ်ပေါ်ကို တက်ကာသွားသည်။ အိမ်ခန်းထဲကိုဝင်၍ မှန်တင်ခုံပေါ်က အုန်းဆီပုလင်းကိုယူကာ အပျိုလေးတို့သဘာဝအတိုင်း မှန်အား တစ်ချက်ကြည့်လိုက်သည်။

“အား အမလေး ကြီးကြီး ကယ်ပါဦး ”

ဟု ငယ်သံပါအောင် အော်ကာ အိမ်အောက် ပြေးဆင်းလာသည်။

“သမီး ဘာဖြစ်တာလဲ မလန့်သာမထိတ်သာ”

” ကြ ကြ ကြီးကြီးး ဟို ဟို အိမ်ခန်းထဲက မှန်ထဲကိုကြည့်တာ အဲ့ဒါ သ သ သမီး နောက်ကျောနားမှာ ဆံပင်ဖြူနဲ့ အဖွားကြီးက ကြည့်နေတယ် ဟီးး အီးးး အီးးး ကြောက်တယ် ”

“အို သမီးရယ် သမီးအမြင်မှားတာနေမှာ နေ့လည်ကြီး။ ပြီးတော့ အိမ်ပေါ်မှာလေ ဘုရားစင်လည်း ရှိနေတာကို။ ငါ့သမီး စိတ်ခြောက်ခြားတာနေမှာ ရော့ ရော့ ရေသောက်ဦး”

ရေသောက်ပြီး အစ်ကိုဖြစ်သူ၏သမီးမှာ ချက်ချင်း ပြန်သွားလေသည်။ ထိုနောက် တစ်ပတ်အကြာတွင် ညီမအငယ်ဆုံးအလည်လာလေသည်။ အဝေးနယ်ကဖြစ်၍ တစ်ညအိပ်ပြီးမှ ပြန်လေသည်။ ည ၁၁ နာရီခန့်တွင် ညီမငယ်ဖြစ်သူ ဒေါ်ရီ တစ်ရေးနိုးလေပြီ။ အပေါ့သွားချင်၍ ထမည်အပြု အိမ်၏တောင်ဘက် နံရံကို ဆံပင်ဖြူဖြူ အဖွားကြီးက ကုတ်ခြစ်ကာ တက်နေသည်။

“ဟင် ! အစ်မ အစ်မ ထ ထ ထဦး ”

“အင်း အင်း ညီမလေး ဘာဖြစ်လို့လဲ”

“ဟို ဟို မှာ ”

နံရံကို ထိုးပြသည်။

” ဘာလဲ ဘာဖြစ်လို့လဲ”

“နံရံမှာ ဆံပင်ဖြူအဖွားကြီး ကုတ်တက်နေတယ် ဟင့် ဟင့် ကြောက်တယ် ကြောက်တယ်”

” ဟယ် ဒီကလေး အိပ်မှုန်စဝါးနဲ့ ဘာမှမရှိပါဘူးဟဲ့ ဒီမှာကြည့်”

ဟုဆိုကာ ဓာတ်မီးနဲ့ ထိုးပြသည်။

ထို့နောက် ကြောက်လန့်နေသော ညီမအား ပရိတ်ရေတိုက် ကာ ပြန်သိပ်လိုက်သည်။ ဒေါ်ကြည်၏စိတ်ထဲ တစ်ခုခုကိုတွေးနေသည်။ တိုက်ဆိုင်မှုတစ်ခုတော့ ဖြစ်နေပြီ။ တူမလေး တွေ့တာရယ်၊ ညီမဖြစ်သူ တွေ့တာရယ်က တူနေသည်။ နောက်တစ်ကြိမ်က ဘယ်လိုမှငြင်းမရသော အဖြစ်အပျက် သူမကိုယ်တိုင် ကြုံခဲ့ရသည်။ ထိုညက ပူအိုက်၍ တော်တော်နှင့် အိပ်မပျော်ပဲ ရှိနေသည်။ ဟိုလိမ့်သည်လိမ့်နှင့် မှေးခနဲ အိပ် ပျော်သွားသည်။

” ဂလွပ် ဘုတ် ဂလွမ်း”

မီးဖိုးခန်းဆီမှ အသံတွေ ကြားနေရသည်။ ဖြတ်ခနဲ လန့်နိုးကာ ဓာတ်မီးကိုဆွဲ မီးဖိုးခန်းထဲ ဝင်လိုက်သည်။ ဒီလိုပဲ အိမ်မှာက ကြောင်တွေလည်း မွေးထားတော့ ဟင်းခွက်၊ ထမင်းခွက်များကို လှန်လောနေပြီ ထင်လိုက်သည်။ အထင်နဲ့ အမြင်မှာ တက်တက်စင် လွဲသွားသည်။ ဆံပင်တစ်ခေါင်းလုံး ဖြူနေသော အဖွားအိုကြီးမှာ ကျောပေးလျက် ဟင်းအိုးများကိုလှန်ကာ စားနေသည်။ ဒေါ်ကြည်၏ ဓါတ်မီးအရောင်ကြောင့် ဆတ်ခနဲ လှည့်ကြည့်သည်။

ဒေါ်ကြည် ကြက်သေသေကာ သွားသည်။ ဆံပင်ဖြူ အဖွားကြီးမှာ မျက်နှာက ဖြူဖပ်ဖြူရော်၊ မျက်လုံးက အဆမတန်ချိုင့်လျှက် သူမအား မျက်ဖြူလှန်ကာ စိုက်ကြည့်နေသည်။ ဒေါ်ကြည် အနား တဖြည်းဖြည်းတိုးကာ လာသည်။ ဒေါ်ကြည် နေရာတွင် ဘုန်းခနဲလဲကာ မေ့မျောသွားလေသည်။

နောက်တစ်နေ့မနက်မှ သတိရလာကာ ဘုန်းကြီးများပင့် ပရိတ်ရွတ် ကမ္မဝါဖတ် ဆွမ်းကပ် ပြုလုပ်လိုက်သည်။ ဒေါ်ကြည်တစ်ယောက် ဘယ်လိုမှ မယုံနိုင်ပါ။ ငယ်ငယ်ကတည်းက နေလာတဲ့ အိမ်မှာ ဒီလို ခြောက်ခြားဖွယ်ရာအဖြစ်တွေ ရှိနေသည်မှာ ထူးဆန်းနေသည်။

ထိုနောက်ရက်တွေမှာ ဆံပင်ဖြူအဖွားကြီး မခြောက်လှန့်တော့ပေမယ့် ညနေတိုင်း တောက်ခေါက်သံမှာ နေ့စဉ်လိုလို ကြားနေရသည်။ ဒေါ်ကြည်တစ်ယောက် အိမ်အပေါ်ထပ် မအိပ်ရဲတော့ပေ။ တူတော်မောင်နှင့် အောက်ထပ်မှာ ခြေရင်း ခေါင်းရင်း အိပ်ရသည်။

ထို့နောက် အိမ်အပေါ်ထပ်က ပိုခြောက်ခြားစရာကောင်းလေ ဖြစ်နေသည်။ နေ့ခင်းဘက်လည်း အိမ်တံခါးတွေပိတ် ညဘက်လည်းပိတ် ဘုရားသောက်ရေ ဆွမ်းကပ်ချိန်များမှာ အိမ်ပေါ်သို့ လူ ၂ ယောက်နှင့်မှ တက်ရဲတော့သည်။ တစ်ယောက်တည်းဆိုလျင် တက်ခေါက်၍ နပန်းလုံးသည် အထိ ဖြစ်လာသည်။ တတ်ကျွမ်းတဲ့ ဆရာကိုခေါ်ကာ မေးမြန်းတော့မှ အဖြေထွက်လာတော့သည်။

ထိုဆရာက ဘုရားပွဲတင် သီလခံယူ မေတ္တာပို့၍ အိမ်ခေါင် တိုင်ထိတက်ကာ ခေါင်တိုင်ထိပ်က ကြေးပြားတွေ ဆွဲထုတ်လာသည်။ ထိုကြေးပြားပေါ်တွင် နားမလည်နိုင်သည့် အင်းကွက်များနှင့် ဖြစ်သည်။

“အဒေါ်ကြည် ကံကောင်းတယ် ဗျာ။ အခုလို ဒီအင်းပြားတွေ ဆက်ထားရင် အဒေါ်ကြည် အိမ် မီးလောင်မလား မိုးကြိုးပစ်မလား ဒါမှမဟုတ် ဒီအင်းပြားထဲက အနှောက်အယှက်က ဒေါ်ကြည့် အသက်ကို ယူတော့မှာဗျ ”

“ရှင် ဒီအိမ်မှာ ငယ်ငယ်ကတည်းက နေလာတာ ဘာမှမဖြစ်ပါဘူး။ အဖေသေပြီး နောက်ပိုင်းမှ ဖြစ်လာတာ။ ဘုရား ဘုရား ဘာတွေ ဖြစ်တာလဲ ”

“ဟုတ်တယ် ဒေါ်ကြည် အရင်က ဒါတွေ မရှိလောက်ဘူး။ ဒေါ်ကြည့်ကို မလိုမုန်းတီးသူ တစ်ယောက်ယောက်က အောက်လမ်းဆရာနဲ့ အင်းတိုက် တိုက်တာ။ ကံကောင်းပေလို့ ဒေါ်ကြည် လက်ဦးသွားလို့။ ကဲ ဒါတွေကို ရွာအရှေ့ဘက် ချောင်းထဲ မျောပစ်လိုက်တော့။ အဒေါ်ပါးစပ်ကလည်း နင့်အပြစ် နင်ခံလို့ ပြောပြီး မျောလိုက် ”

“ဟုတ်ကဲ့ပါ ဆရာ ”

ထို့နောက် ဒေါ်ကြည်မှာ ထိုအင်းပြားများကို ယူကာ ချောင်းထဲတွင် မျောပစ်သည်။

ပါးစပ်မှလည်း နင့်အပစ် နင်ခံ ဟု ပြောလိုက်သည်။ နောက် ၂ ရက်ခန့်ကြာသော် အစ်ကိုလတ်ဖြစ်သူ ကိုသန်းမှာ ဗိုက်အောင့်တယ် ဗိုက်အောင့်တယ် ဟု ခဏခဏ အော်ကာ နေသည်။ ညသန်းခေါင်ကျော်တွင် သူ့အစ်ကို ကိုသန်း အိမ်ဘက်ဆီက အသံနက်ကြီး အော်သံ ကြားလိုက်ရသည်။

“အားးးး ကယ်ကြပါ ငါ့ကိုလည်ပင်းညှစ်နေတယ် ကယ်ပါ ကယ်ပါ အားးးး ”

နောက်တစ်နေ့မနက်တွင် ကိုသန်းမှာ အသက်မရှိတော့ပေ။ သူသေဆုံးပုံက မျက်လုံးကြီးပြူး လျှာကြီးထွက်လျက် သေဆုံးနေသည်။ သူတစ်ပါး မကောင်းကြံ၍ သူခံရသည်ကို သူသာ အသိဆုံး ဖြစ်ပေမည်ပေါ့။

ဒေါ်ကြည်၏ အိမ်လေးကတော့ ဟိုအရင် မိဘများရှိစဉ်ကလို အေးချမ်းသာယာလျက်။ ထူးဆန်းသည်က ဒေါ်ကြည်အိမ်တွင် မနက်တိုင်း ပဌာန်း ပရိတ် တရား သံလေးက ကက်ဆက် လေးဆီမှ မနက်တိုင်း ကြားနေရတော့သည်။

ပြီးပါပြီ။