ကျွန်ုပ်နှင့် သရဲခြောက်သော ဝါးရုံတော

ကျွန်ုပ်နှင့် သရဲခြောက်သော ဝါးရုံတော
ရေးသားသူ – သက်တန့်ချို

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက်ကယ်သောင် ရွာကလေးကား အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ် အလွန်ကောင်းလှပေ၏ ။ ထိုအခိုက် မပီဝိုးတဝါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ရွေ့သွားနေ၏ ။

သက်ကယ်သောင်ရွာနှင့် ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ဝါးရုံတောကြီးတစ်ခု ရှိလေ၏ ။ ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ဝါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။ ကွမ်းတစ်ယာညက်ခန့် ကြာသောအခါ ဝါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင် လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာပင် မဲမဲသဏ္ဍာန်နှစ်ခုသည် သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

” ကယ်ကြပါဦးဗျို့… ကယ်ကြပါဦး.. သ… သရဲ ခြောက်လို့ဗျို့ “

အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို နိုးလာလေသည် ။ ထို့နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။

” အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား ”

ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည် ။

” ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ “

” ဟို…ဟို…”

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနည်း ရှူရှိုက်နေရ၏ ။

” ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး ”

အတော်ကြာ အမောဖြေစေပြီးမှ ထွန်းခင်က

” ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ။ အဲဒါ ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်းလည်း ဖြတ်ပြီး ဝါးရုံတောလည်း ရောက်ရော ဝါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ်။ ပြီးတော့ ဝါးရုံ ပင်ကြီးတွေက ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး ထွက်ပြေး လာရတာပါ “

” ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး “

ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။

” ဟယ် ဝါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး “

တစ်ယောက်တစ်ပေါက် ဆူညံကြကုန်၏ ။

” ကဲကဲ ဒါဆိုလည်း လူစုပြီး ဝါးရုံတောကို သွားကြည့်ကြရအောင် “

” ဟို … ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး “

“အေး မင်းတို့နှစ်ယောက်နေခဲ့။ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ “

သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံး လိုက်သွားကြသည် ။ ဝါးရုံတောသို့အရောက် ခြေလှမ်းတိုင်းလိုလိုက နှေးသွားကြလေသည်။ အမှောင်ထုအောက်ဝယ် ဝါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေသည့်နှယ် ။ အချို့ကား ကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။

လူအုပ်ကြီးက ဝါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။ တစ်နာရီခန့်ကြာသော် မည်သည့် ထူးခြားမှုမှ မရှိသောကြောင့် ရွာသို့ ပြန်ခဲ့ကြလေသည် ။ နောက်တစ်နေ့ မနက်တွင် တစ်ရွာလုံးကား ဟိုတစ်စု ဒီတစ်စု နှင့် ဝါးရုံတော သရဲအကြောင်းကား တောမီးပမာ ပျံ့နှံ့သွားလေတော့သည် ။

————————————————–

သရဲအခြောက်ခံရသော ထွန်းခင်နှင့် ညိုအေးတို့မှာလည်း အကြောက်လွန်ပြီး ကိုယ်တွေ ခြစ်ခြစ်တောက်ပူကာ ဆရာခေါ်၍ ကုသရလေသည် ။ ထိုသို့ဖြင့် အခြားရွာသို့ သွားစရာရှိလျှင် အခြာလမ်းမှ ပတ်သွားပြီး ဝါးရုံတောနှင့် ရွာသင်္ချိုင်းကို ဖြတ်သော လမ်းမှာ တစတစ တိတ်ဆိတ် ခြောက်သွေ့လာလေသည် ။ မဖြစ်မနေ ကိစ္စရှိမှသာလျှင် ထိုလမ်းကို အသုံးပြုကြလေသည် ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ၂ ရက်ခန့်အကြာတွင် သက်ကယ်သောင် ရွာကလေးသို့ လူနှစ်ဦး ရောက်ရှိလာလေသည်။ တစ်ဦးကား အထူးကုဆရာဝန်လေး ဒေါက်တာနိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးကား ကျွန်ုပ်သက်တန့်ပင် ဖြစ်လေတော့သည် ။

ဒေါက်တာနိုင်ဇော်မှာ အသက် ၃၀ ခန့်ဝန်းကျင် အရပ်အမောင်း ထောင်ထောင်မောင်းမောင်းနှင့် လွန်စွာ ကိုယ်ခန္ဓာ အချိုးအစားကျလှသူ တစ်ဦးဖြစ်လေသည်။ သူသည် အထူးကု ဆရာဝန်ဘွဲ့ကြီးကို ယူထားသော်လည်း မြို့ကြီးပြကြီး တွင်မနေထိုင်ပဲ ကျေးလက်တောရွာများတွင် လှည့်လည် ဆေးကုသနေသော စေတနာ ဆရာဝန်တစ်ဦး ဖြစ်လေသည် ။ ထို့အပြင်သူသည် လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသကဲ့သို့ တိုက်ရိုက်ခိုက်ရည်နှင့် ပြည့်စုံသော စွန့်စားဝံ့သူ တစ်ဦးလည်း ဖြစ်ပေသည် ။ သူ့တွင် လိုင်စင်နှင့်ကိုင်သော တောပစ်သေနတ်တစ်လက်လည်း ရှိပေသည် ။

ကျွန်ုပ်သည် ထိုအချိန်က သာမန် ဆရာဝန်တစ်ဦး ဖြစ်ပြီး ဒေါက်တာနိုင်ဇော်နှင့် လွန်စွာ အတွဲညီလှသော ညီအစ်ကိုရင်းကဲ့သို့ သူငယ်ချင်းများ ဖြစ်ကြလေသည် ။ ကျေးလက်တောရွာများတွင် လှည့်လည်ဆေးကုရင်း သက်ကယ်သောင်ရွာသို့ အရောက်တွင် လူနာနှစ်ဦးနှင့် ဝါးရုံတောသရဲအကြောင်းက ဆီးကြိုနေလေသည် ။

ကျွန်ုပ်တို့ နှစ်ဦးသည် ရွာသို့ရောက်ရောက်ခြင်း ရွာလူကြီး ဦးအေးမောင်ဆီသို့ အကျိုးအကြောင်း သွားပြောပြလေသည် ။ ဦးအေးမောင်သည် ကျွန်တော်တို့ အကြောင်းသိပြီးသောအခါ

” အဆင်သင့်လိုက်တာ ဆရာတို့ရယ်။ အခုတလော ရွာမှာ ဂြိုလ်ဝင်နေတယ်ဗျာ။ ဝါးရုံတောသရဲအခြောက်ခံရတဲ့ နှစ်ယောက်ကလည်း သတိရတစ်ချက် မရတစ်ချက်နဲ့ တစ်ချက်လောက် ကြည့်ပါဦး ဆရာရယ် “

ထိုသို့ပြောပြီး မကြာခင်မှာပင် ရွာသားတစ်ဦး အမောတကောနှင့် ပြေးဝင်လာလေသည် ။

” သူကြီး သူကြီး ကိုထွန်းခင်ကြီး ဆုံးသွားလို့တဲ့။ အဲဒါ သူကြီးကို လာအကြောင်းကြားတာပါ “

” ဟေ ဖြစ်ရလေကွာ။ ကဲ ကဲ .. ဆရာ တို့လည်း ရှိတုန်း တစ်ချက်လောက် ကြည့်ပေးပါဦး ဗျာ “

သို့ဖြင့် ကျွန်တော်တို့ နှစ်ဦးကား သူကြီးနှင့်အတူ ထွက်လာခဲ့ကြတော့သည် ။ အိမ်တစ်အိမ်အရောက်တွင် ရှိလေသည် ။ အိမ်ပေါ်သို့ တက်ကြည့်သော် ထွန်းခင်ဆိုသူကား အသက်သေဆုံးနေပြီ ဖြစ်လေသည် ။ ကြောက်မက်ဖွယ်ရာ တစ်ခုခုကို ကြုံတွေ့ပြီး မအိပ်နိုင်မစားနိုင်နှင့် စိတ်ခြောက်ခြားကာ အသက်သေဆုံးခြင်းပင် ဖြစ်လေသည် ။

” အင်း ဖြစ်မှ ဖြစ်ရလေဗျာ။ ဒီလူကတော့ အသက်သေဆုံးသွားပါပြီ။ ကဲ နောက်တစ်ယောက်ကို သွားကြည့်ရအောင်ဗျာ “

ဒေါက်တာ နိုင်ဇော်မှ ပြောလိုက်သောကြောင့် ရွာသူကြီးက ညိုအေးအိမ်သို့ လိုက်ပို့ပေးလေသည် ။ အိမ်သို့ ရောက်သော် ညိုအေးမှာလည်း အခြေအနေမကောင်း ။ အဖျားတွေ တက်ကာ ကယောင်ကတမ်းဖြင့်

” သရဲ…သရဲ..အောင်မလေး ..ကြောက်ပါပြီဗျ”

ဟူ၍ ညည်းငြူနေလေသည်။ ဒေါက်တာနိုင်ဇော်သည် လူနာကို အသေအချာစမ်းသပ်ပြီး ဆေးတစ်လုံးထိုးကာ သောက်ရမည့် ဆေးများပါ ပေးခဲ့လေသည် ။ ထို့နောက် အိမ်မှ ပြန်ဆင်းလာကာ သူကြီးကို ပြောပြီး ရွာထဲသို့ လှည့်လည်ခဲ့လေသည် ။

သက်ကယ်သောင်ရွာကား ရွာကြီးတစ်ရွာမဟုတ်သော်လည်း အတော်အသင့် ကြီးမားသော ရွာတစ်ရွာ ဖြစ်လေသည် ။ ရွာ၏ အနောက်ဖက်တွင် ဧရာဝတီ မြစ်ကြီးရှိပြီး တောင်ဘက်တွင် သင်္ချိုင်းကုန်း၊ မြောက်ဘက်တွင် သီးနှံစိုက်ခင်းများနှင့် လွန်စွာ နေချင့်စဖွယ်ကောင်းသော ရွာတစ်ရွာပင် ဖြစ်လေသည် ။ ရွာကလေးမှာကား သရဲ ခြောက်ခံရပြီး တစ်ပါတ်အကြာတွင် တစ်ယောက် သေဆုံးသွားသည့်အတွက် ညနေစောင်းပင် ဖြစ်လင့်ကစား ရွာထဲဝယ် လူသွားလူလာ မရှိသလောက် တိတ်ဆိတ်နေကြလေသည် ။

ထိုအခိုက် ကျွန်တော်တို့ရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲများကို ခေါင်းပေါ်ရွက်၍ သွားနေကြသော လူတစ်စုကို တွေ့ရလေသည် ။ အကျိုးအကြောင်း မေးမြန်းကြည့်သော် ငှက်ပျောပွဲ ရွက်ထားသူမှာ နတ်ကတော် ဒေါ်စိန်ပုဆိုသူဖြစ်ပြီး ထိုလူစုသည် ဝါးရုံပင် သရဲကို ပူဇော်ရန်နှင့် ကွင်းပိုင်လယ်ပိုင်တို့ကို တောင်းပန်ရန်အတွက် ရွာတောင်ဖက်သို့ သွားနေခြင်းဖြစ်ကြောင်း သိရလေသည် ။ ကျေးလက်တောရွာသူတောရွာသား များ၏ ယုံကြည်မှု ဖြစ်သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးလည်း ဘာမှမပြောတော့ပဲ သူတို့အုပ်စုနှင့် မလှမ်းမကမ်းမှနေ၍ ရွာတောင်ဘက်သို့ ထွက်လာခဲ့တော့သည် ။

စကားတပြောပြောနှင့် ကွမ်းတစ်ယာညက်ခန့် အကြာတွင် သရဲခြောက်သည်ဟု လွန်စွာ နာမည်ကြီးသော ဝါးရုံတော ကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။ နေညိုချိန်မို့ လေတဖြူးဖြူး တိုက်ခတ်လျှက်ရှိရာ အလင်းရောင်ရှိသော အချိန်တွင်ပင် ဝါးရုံတောကြီးကား ဘယ်ညာယိမ်းနေသည်မှာ တစ္ဆေတစ်ကောင်နှင့် တူလှပေသည် ။ ရွာသားများသည် ဝါးရုံတောနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော တောင်ဂမုလေးတစ်ခုတွင် ယူဆောင်လာသော ငှက်ပျောပွဲ အုန်းပွဲများကို တင်ပြီး ပူဇော်ပသကြလေသည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း တအောင့်မျှ အကဲခတ်ကာ တည်းခိုရာအိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

—————————————————

နောက်တစ်နေ့ နံနက်တွင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ကို အဖန်ရေနှင့် လွေးနေခိုက် ဒေါက်တာ နိုင်ဇော်က

” ကိုသက်တန့်ရေ.. ကျွန်တော်တို့ တောလည်ကြရအောင် ဝါးရုံတောသရဲ အကြောင်းလည်း စုံစမ်းရင်းနဲ့ပေါ့ ဘယ့်နှယ့်လဲ မကောင်းဘူးလား “

” ကောင်းသားပဲ ကိုနိုင်ဇော်ရ သွားရအောင်လေ အမဲ မပစ်ရတာလည်း ကြာပေါ့ “

ပြောပြောဆိုဆို ကျွန်ုပ်သည် နံနက်စာစားခြင်းကို လတ်စသတ်လိုက်ပြီး ထမည်အပြုတွင်

” ဆရာ….ဆရာ ဟို… အဖေက ဟင်းပို့ခိုင်းလို့ပါ “

” အော်..ဟုတ်ကဲ့..လာပြီခင်ဗျ “

အိမ်ရှေ့သို့ ထွက်ကြည့်သောအခါ နွဲ့နှောင်းသော ကိုယ်ဟန်နှင့် မိန်းမပျို တစ်ဦးကို တွေ့ရလေသည် ။

” ကျေးဇူးပဲနော်.. ဒါနဲ့ ညီမအဖေက ဘယ်သူတုန်း “

” ဦးအေးမောင်ပါ ဆရာ “

” အော်.. သူကြီးကိုး.. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါခင်ဗျ “

” ဟုတ်ကဲ့ရှင့် ပြန်ခွင့်ပြုပါဦးဆရာ “

” ဟုတ်ကဲ့ “

မိန်းမပျိုလေး ပြန်သွားပြီးနောက် ဒေါက်တာနိုင်ဇော်က

” ဘယ်သူတုန်း ကိုသက်တန့်ရ “

” သူကြီးသမီးပါ ကိုနိုင်ဇော် ဟင်းလာပို့တာ ကဲ သွားကြရအောင် “

ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါက်တာနိုင်ဇော်က လက်စွဲတော် သေနတ်ကို ဆွဲကာ နှစ်ဦးသား ထွက်ခဲ့ကြလေတော့သည် ။

ရွာတောင်ဘက်ရှိ ဝါးရုံတောသို့အရောက်တွင် ဒေါက်တာနိုင်ဇော်က ဝါးရုံတော အောက်ခြေသို့ ဆင်းရန် ပြင်လေသည် ။ ဝါးရုံတော အောက်ခြေကား လူတရပ်မျှရှိသော ကိုင်းပင်များဖြင့် အုံ့ဆိုင်းလျှက်ရှိရာ အတွင်းသို့ ထိုးဖောက်၍ မမြင်ရပေ ။

” ဖြစ်ပါ့မလား ကိုနိုင်ဇော်ရ မြွေတွေဘာတွေ တွေ့မှဖြင့် “

” အေးဗျ ကိုင်းပင်တွေက အတော့်ကို ထူတာပဲ။ ကျွန်တော်တော့ ဒီဝါးရုံတော အောက်ခြေမှာ လျှို့ဝှက်ချက် ရှိတယ် ထင်တယ်ဗျာ “

” ကဲ ညရောက်မှ သရဲခြောက်မခြောက် လာကြည့်တာပေါ့ဗျာ။ အခု တောဝင်စို့ “

ပြောပြောဆိုဆို ကျွန်ုပ်က ဝါးရုံတောအလယ်တွင် လူတစ်ယောက်သွားနိုင်သော ခြုံလမ်းလေးထဲသို့ တိုးဝင်လိုက်လေသည် ။ ဝါးရုံတောနောက်တွင် ရိုးမတောအုပ်ကြီး တည်ရှိပြီး ဝါးရုံတောကား တောအုပ်ကြီး အဝင်ပေါက်ကို ပိတ်ထားသကဲ့သို့ ရှိလေသည် ။ ကျွန်ုပ်သည် ဝင်ပေါက်ကို သက်ကယ်သောင်ရွာရှိ မုဆိုးများထံမှ စနည်းနာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဆရာဝန် နှစ်ဦးကား လူ့အသက်ကို ကယ်ရသော အလုပ်ကို လုပ်ရသော်လည်း အမဲလိုက်ခြင်းကိုမူ လွန်စွာ ဝါသနာပါလေသည် ။ ( ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တို့၏ တောတွင်း အတွေ့အကြုံများကို နောင်အခါ ရေးသားပါဦးမည် ) ။

ကျွန်ုပ်တို့သည် ယုန် ၊ မျောက် ၊ သမင်စသော အကောင်ငယ်လေးများကို တွေ့သော်လည်း ပစ်ခတ်ခြင်းမပြုပဲ တောနက်ထဲသို့ ဆက်၍ ဝင်ခဲ့ကြသည် ။ တောတွင်း တစ်နေရာ လျှိုမြောင်ကြီး ဆီသို့ အရောက်တွင် ဒေါက်တာနိုင်ဇော်က လက်ကာပြလိုက်၍ ကျွန်ုပ်လည်း ဒူးထောက်ထိုင်ချ လိုက်လေသည် ။

” ကိုသက်တန့် ကျွန်တော်တို့ အခြေအနေမကောင်းဘူးဗျ ။ ဒီနားတစ်ဝိုက်မှာ နှောကူးကြီး (ပြောင်) ရှိနေတယ်။ ကျွန်တော်တို့က လေညှာအောက်ရောက်နေတယ်။ ဟို ကုန်းမြင့်ပေါ်တက်နိုင်မှ ဖြစ်မယ်ဗျ လာလာ “

ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ တက်သွားလေသည် ။ ကျွန်ုပ်မှာ ပြောင်သဘာဝကို သိပြီး ဖြစ်သည့် အလျောက် ဇော်ချွေးများ ပျံလာမိသည် ။ ပြောင်များသည် အနံ့ခံ ကောင်းသလောက် သင်းကွဲ ( အုပ်စုကွဲ ) ဆိုလျှင် တွေ့ရာ ဂမူးရှူးထိုး ရန်မူတတ်ပေသည် ။ လေညှာတွင် ရှိသော သတ္တဝါကို အနံ့ခံအာရုံဖြင့် ခွဲခြားနိုင်စွမ်း ရှိလေသည် ။

တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီးအောက်သို့ ရောက်မှသာလျှင် ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူနိုင်လေသည် ။ ဒေါက်တာနိုင်ဇော်မှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ဒူးထောက်ထိုင်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသည် ။ ထိုအခိုက် စောစောက ကျွန်ုပ်တို့ ရပ်နေခဲ့သော နေရာသို့ ပြောင်ကြီးက ဝင်လာနေသည် ။ ဒေါက်တာ နိုင်ဇော်သည် တည်ငြိမ်စွာဖြင့် သေနတ်ကို ချိန်လိုက်ပြီး ပစ်ချလိုက်လေတော့သည် ။

” ဒိုင်း “

ယမ်းပေါက်ကွဲသံကြီးကြောင့် တစ်တောလုံးရှိ ကျေးငှက်များ လန့်ဖြန့် ပျံကုန်ကြသည်။ ထိုအခိုက် ထူးဆန်းသော ဖြစ်ရပ်ကို မျက်ဝါးထင်ထင် ကြုံရလေတော့သည် ။ ယင်းမှာ ပြောင်ကြီးသည် ချက်ကောင်းကို ထိပါလျှက်နှင့် လဲမကျသွားသည့်အပြင် ကျွန်ုပ်တို့ နှစ်ယောက်ကို တွေ့သွားပြီ ဖြစ်၍ တောင်ကုန်းပေါ်သို့ တဟုန်ထိုး ပြေးတက်လာလေသည် ။ ကျွန်ုပ်လည်း အသက်မျှပင် မရှူရဲပဲ မကြံတတ်အောင်ပင် ဖြစ်သွားလေသည် ။

ပြောင်ကြီးသည် ကျွန်ုပ်တို့နှင့် တဖြည်းဖြည်း နီးလာပေသည် ။ ထိုအခိုက် ဒေါက်တာနိုင်ဇော်ကို ကြည့်လိုက်ရာ စိတ်မပူသည့် အလား အေးအေးဆေးဆေးပင် ထိုင်နေလေသည် ။ ပြောင်ကြီးကား ကျွန်ုပ်တို့ နှင့် သုံးကိုက်လောက် အကွာတွင် ဗုန်းကနဲ လဲကျသွားပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်လည်း အသက်ပြင်းပြင်း ရှူရဲလေတော့သည် ။ ဒေါက်တာ နိုင်ဇော်က

” ဒီလို ရှိတယ် ကိုသက်တန့်ရ ။ ပြောင်တွေက သွေးနွေးသတ္တဝါတွေထဲမှာ နာကျင်မှုဒါဏ်ကို အခံနိုင်ဆုံးနဲ့ ဒေါသအကြီးဆုံး အကောင်တွေပဲ။ စောစောက ကျွန်တော်ပစ်လိုက်တာက သူ့ရဲ့ လက်ဖျံရိုးအောက်တည့်တည့်ပဲ။ ဒါပေမယ့် သူတို့ကို ရန်မူမှန်းသိတော့ ဒီကောင်တွေက လတ်တလော ဒဏ်ရာကို မေ့သွားတယ်ဗျ ။ ပြီးတော့ ရန်သူရှိရာကို ရန်ပြုဖို့ ပြေးလာတယ် ။ ဒါပေမယ့် နှလုံးကို ထိထားတဲ့ ဒဏ်နဲ့ ကုန်းတက်ကြီးကို ဒင်း ငါးကိုက်လောက်အပြင် ပြေးမတတ်နိုင်ပါဘူးဗျာ “

ဟု ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်တော်လည်း ဒေါက်တာနိုင်ဇော်၏ ဗဟုသုတ ကြွယ်ဝပုံတို့ကို အသိအ မှတ်ပြုရလေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးလည်း ပြောင်ကြီးကို ဝါးလုံးဖြင့် လျှိုထမ်း၍ ရွာသို့ ပြန်ကာ ရွာသားများအား ခွဲဝေပေးလိုက်လေတော့သည် ။

————————————————-

အချိန်ကာလ ညအချိန်မို့ လူခြေက တိတ်ဆိတ်နေသည် ။ ထိုအချိန် ဝါးရုံတောကြီးနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ဇွဲနဘဲကြီးစွာ စောင့်ဆိုင်းနေကြသူ နှစ်ဦးကား ဒေါက်တာနိုင်ဇော်နှင့် ကျွန်ုပ်ပင် ဖြစ်လေသည် ။ ကျွန်ုပ်တို့ကား ခြင်ကိုက်လည်း မရိုက်ရဲ အပေါ့အပါးလည်း မသွားရဲဘဲ ဝါးရုံတောသို့သာ စူးစိုက် ကြည့်နေကြရသည် ။ နာရီပြန် ၂ ချက်ထိုးသောအခါ လူများကလည်း ငိုက်မျည်းစပြုလာသည် ။

” ဆရာနိုင်ဇော်ရေ ဒီည သရဲက ခြောက်ပါ့မလားဗျ”

” အင်း အသေအချာတော့ မပြောနိုင်ဘူးဗျ စောင့်တော့ကြည့်ရမှာပဲ “

ထိုအခိုက်

” ဆရာ.. ဆရာ.. အဖေက ညဉ့်နက်နေပြီဆိုလို့ ဆရာတို့ကို ခေါ်ခိုင်းလိုက်လို့ ဆင်းလာပါဦး “

ဟု အော်သံကို ကြားရလေသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ကို ဟင်းလာပေးသော သူကြီးသမီး ဖြစ်နေလေသည် ။ ကျွန်ုပ်က ပြန်ပြောမည်အပြုတွင် ဒေါက်တာနိုင်ဇော်က

” ရှူးတိုးတိုး ဆရာ ဘာမှ ပြန်မပြောနဲ့ ကျွန်တော်နောက်မှရှင်းပြမယ် “

ဟုတည်ငြိမ်စွာ ပြောလေသည် ။ သစ်ပင်အောက်မှ မိန်းကလေးကလည်း လေးငါးခါလောက် အော်ခေါ်လေသည် ။ အတန်ကြာသောအခါ ကျွန်ုပ်တို့ မဆင်းလာမှန်းသိသည်နှင့် ကျွန်ုပ်တို့နှစ်ဦးရှိရာသို့ စူးစူးစိုက်စိုက် ကြည့်ကာ အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည် ။ ကျွန်ုပ်၏ ရင်ထဲတွင် အေးခဲသော လက်ကြီးနှင့် ဆွဲဆုပ်ထားဘိသကဲ့သို့ ခံစားလိုက်ရလေတော့သည် ။

” ဒီလိုဆရာရဲ့ ဒီအချိန်ကြီးမှာ သူကြီးက သူ့သမီး မိန်းမပျိုလေးကို ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ နေရာကို လာခေါ်ခိုင်းပါ့မလား စဉ်းစားပါဦး။ နောက်ပြီး ဆရာသတိထားမိလား။ ဒီမိန်းမက လုံးဝမျက်တောင်မခတ်ဘူးဗျို့။ အမှန်တော့ ဒီလို တောတွေမှာ တောခြောက်တာတွေ နာနာဘာဝတွေ အများကြီး ရှိပါတယ် ။ ကျွန်တော်တို့ကို ရမလားလို့ လှည့်စားတာပေါ့ဗျာ “

ဟုရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်း ကြက်သီးထမိသွားသည် ။ ဒေါက်တာနိုင်ဇော်မပါပဲ ကျွန်ုပ် တစ်ယောက်တည်းသာဆိုလျှင် ဆင်းသွားမိမှာ သေချာပေသည် ။ ထိုအခိုက် ဝါးရုံတောကြီးကား တဟီးဟီး မြည်လာပြီး ယိမ်းထိုးလာလေသည် ။ ထူးဆန်းသည်မှာ ဘေးနားမှ သစ်ပင်များမှာ တုတ်တုတ်မျှ မလှုပ် ။ ဝါးရုံပင်များသာလျှင် သွက်သွက်ခါအောင် လှုပ်ခါနေခြင်းဖြစ်၏ ။

ကျွန်ုပ်တို့နှစ်ဦးလည်း သရဲခြောက်ခြင်းကို မယုံကြည်သူများ ဖြစ်သော်လည်း ယခုအခါ မစဉ်းစားတတ်အောင် ဖြစ်ရလေ၏ ။ နာရီဝက်ခန့် လှုပ်ခါပြီးသောအခါ တဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည် ။ ကျွန်ုပ်တို့လည်း ဆက်လက်၍ ထူးခြားမှုများ မရှိတော့သောအခါ အောက်သို့ဆင်းပြီး တည်းခိုရာ အိမ်သို့ ပြန်ခဲ့ကြလေတော့သည် ။

နံနက်ရောက်သောအခါ သူကြီးကို ညတုန်းက ကြုံခဲ့ရသည်များကို ပြန်၍ ပြောပြလိုက်ရာ သူကြီးဦးအေးမောင်မှာ လွန်စွာ ထိတ်လန့်အံ့သြလျှက်ရှိပြီး သူကြီးသမီးမှာ အံ့သြနေသော အမူအယာ ရှိလေသည် ။ သို့နှင့် ကျွန်ုပ်တို့ သူငယ်ချင်း နှစ်ဦးလည်း မတွေးတတ်အောင်ပင် ရှိနေတော့သည် ။

ညတုန်းက အိပ်ရေးပျက်ခဲ့သောကြောင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တည်းခိုရာအိမ်သို့ပြန်ပြီး တရေးတမော အိပ်စက်ကြလေသည် ။ ညနေစောင်း ငါးနာရီအချိန်လောက်တွင် လူပေါင်း ၁၀ ယောက် ခန့်ပါသော လူအုပ်ကြီးသည် ရွာလယ်လမ်းတလျှောက် ဖုန် တဝုန်း ဝုန်း ရှိအောင် သွားနေကြလေသည် ။

ထိုလူအုပ်ကြီး အလယ်တွင် လွန်စွာ သွေးစုပ်ဖြူလျော်လျှက်ရှိသော လူတစ်ဦးကို စောင်ပုခက်အတွင်း သယ်ဆောင်လျှက် ကျွန်ုပ်တို့ နှစ်ဦး တည်းခိုရာ နေအိမ်အတွင်းသို့ ဝင်ရောက်လာ ကြလေသည် ။ ကျွန်ုပ်တို့လည်း အခြေ အနေကို မေးမြန်းကြည့်ရာ

” ကယ်ပါဦး ဆရာရယ် ။ ဒါက ကျွန်တော်တို့ရွာကို လာနေကြ ကုန်သည် ကိုဘအေးပါ ။ တစ်လ တစ်ခါလောက် လာလေ့ရှိပါတယ် ။ ဒီတစ်ခေါက်လာတာ ဝါးရုံတောကြီးနား အရောက်မှာ လဲကျနေတာတွေ့လို့ ရွာသားတွေက သယ်လာတာပါ ။ ဆရာဝန်တွေလည်း ဒီမှာ ရှိတယ်ဆိုလို့ ကျွန်တော်တို့ သယ်လာတာပါ “

သို့နှင့် ကျွန်ုပ်တို့လည်း လူနာကို စပ်းသပ်ကြည့်ရာ နှလုံးအားနည်းနေသည်က တစ်ကြောင်း ထိတ်လန့်စရာ တစ်ခုခုကို ရုတ်တရက်တွေ့လိုက်ရ၍ သွေးလန့်သွားခြင်းပင် ဖြစ်လေသည် ။ လိုအပ်သော ကုသမှုများပေးပြီး လူနာကို ကျွန်ုပ်တို့ နှစ်ဦးပင် စောင့်ကြည့်လေသည် ။ တစ်နာရီခန့်ကြာသောအခါ လူနာမှာ အတော်အတန် ထူထူထောင်ထောင် ဖြစ်လာလေသည် ။

” ကဲဆိုစမ်းပါဦးဗျ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ “

” ဒီလိုပါဆရာ ။ ကျွန်တော့်နာမည်က ဘအေးပါ ။ ကျွန်တော်က ဒီရွာကို တစ်လတစ်ခါတော့ ကုန်ရောင်းကုန်သည် အလုပ်နဲ့ လာနေကြပါ။ အခုတစ်ခေါက် မြို့က ထွက်လာကတည်းက ဘာမှမစားလာမိဘူး ဆရာ။ ဒါနဲ့ ရွာတောင်ဖက်က တောစပ်က ဝါးရုံတောအောက်မှာ ကျွန်တော်ခဏနားပါတယ် ။ ပြီးတော့ ကျွန်တော် ဗိုက်ဆာလွန်းလို့ မြို့က ဝယ်လာတဲ့ ခေါက်ဆွဲခြောက်တွေ ပြုတ်သောက်ဖို့ ဝါးရုံပင်အောက်မှာ မီးမွှေးပါတယ် ဆရာ ။ အဲဒီလို မီး မွှေးပြီး ဝါးနဲနဲလိုနေလို့ ကျွန်တော် ဝါးရုံတောအစပ်က ဝါးပင်ပေါက်လေးကို သွားနှုတ်မိပါတယ် ။ နှုတ်လိုက်တဲ့အခါ အထဲက သွေးတွေ ပန်းထွက်လာပါတယ် ။ ကျွန်တော်ဖြင့် ကြောက်လိုက်တာ လွန်ပါရောဗျာ။ တောခြောက်တာလား ဘာလားတော့ မသိပါဘူး ဗျာ “

ထိုသို့ ပြောလိုက်သောအခါ ဒေါက်တာ နိုင်ဇော်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် အားရဝမ်းသာစွာ

” ကဲဒါဆို ကျွန်တော်တို့ကို အဲဒီ သွေးတွေထွက်တဲ့ နေရာ လိုက်ပို့နိုင်မလားဗျာ ။ ကျွန်တော့်မှာ သေနတ်လည်း ပါပါတယ် “

” ဟုတ်ကဲ့ ကျွန်တော် လိုက်ပို့ပေးပါ့မယ် “

သို့ဖြင့် ကိုဘအေး ၊ ဒေါက်တာ နိုင်ဇော် ၊ ကျွန်ုပ်နှင့် ရွာသား သုံးလေးယောက်တို့ ရွာတောင်ဖက်သို့ ထွက်လာခဲ့ကြပေတော့သည် ။

————————————————

ဝါးရုံတောကြီး အလယ်တည့်တည့် ကျွန်ုပ်တို့ ရိုးမတောထဲဝင်သော အစပ်နားလောက်တွင် သွေးကွက်ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရပေသည် ။ သွေးများကား ဝါးပင်နှုတ်သော နေရာမှ ထွက်နေဆဲပင် ရှိသေးသည် ။ ရွာသားများကား သို့လော သို့လောနှင့် အလွန်ပင် ထိတ်လန့်တုန်လှုပ်လိုက်ရှိပေသည် ။ ဒေါက်တာနိုင်ဇော်ကား မှိုရသော မျက်နှာကဲ့သို့ အထူးပင် ဝမ်းသာလျှက် ရှိပေသည် ။

” ဘယ့်နှယ့်တုန်း ကိုနိုင်ဇော်ရ ပြုံးလှချည်လား “

” ဟဲဟဲ ပြုံးဆို အဖြေကို ကျွန်တော်သိပြီဗျ ။ ဒါပေမယ့် ကျိန်းသေအောင်တော့ ကိုသက်တန့်ရယ် ကျွန်တော်ရယ် ဒီည စမ်းသပ်မှု တစ်ခု လုပ်ရလိမ့်မယ် “

” ဟုတ်လား ကျွန်တော်ဖြင့် မစဉ်းစားတတ်အောင်ပါပဲ ဗျာ “

” ညရောက်ရင် ဒီသရဲ ဆိုတာကို ခင်ဗျား မျက်မြင်တွေ့ရပါစေ့မယ် ဗျာ… ဟားဟားဟား “

ဒေါက်တာနိုင်ဇော်ကို ကြည့်ရင်း ကျွန်ုပ်လည်း အတော်ပင် စိတ်အားတက်သွားမိလေသည် ။

သို့နှင့်….

ဝါးရုံတောကြီးကား အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည် ။ ဟိုနားဒီနား ဖျက်ကနဲ တွေ့လိုက်ရသော အရိပ်များကား ကျွန်ုပ်ကို ခြောက်လှန့်လျက်ရှိသည် ။ နေ့လည်က တွေ့ခဲ့သော သွေးကွက်များကား ခြောက်လျှက် ရှိပေသည် ။

” ကျွန်တော် ယူခိုင်းလိုက်တာတွေ ပါရဲ့လား ကိုသက်တန့် “

” ပါ ပါတယ်ဗျာ ဒီမှာ ရော့ “

ဒေါက်တာနိုင်ဇော် ကျွန်ုပ်ကို ယူဆောင်ခိုင်းသော ပစ္စည်းများမှာ ကောက်ရိုးခြောက် အနည်းငယ်နှင့် မီးခြစ်ပင် ဖြစ်ပေသည် ။ ထို့နောက် ဒေါက်တာ နိုင်ဇော်သည် ဝါးရုံတော အောက်ခြေတွင် မီးပုံတစ်ခုကို ဖိုလေသည် ။ ထိုသို့ ဖိုပြီး မကြာခင်မှာပင် ဝါးရုံတောကြီးကား သွက်သွက်ခါအောင် လှုပ်ယမ်းလာလေသည် ။ အခြားသစ်ပင်များကား မလှုပ်ပေ ။ ဝါးပင်များသာလျှင် တစ်စုံတစ်ဦးက လှုပ်ရမ်းနေသကဲ့သို့ လှုပ်ခါနေခြင်းဖြစ်သည် ။ အတန်ကြာသောအခါ ဒေါက်တာ နိုင်ဇော်က မီးပုံကို ငြိမ်းသတ်ပစ်လိုက်လေသည် ။ ထိုအခါ ဝါးရုံတောကြီးကား တစ်စတစ်စ ပြန်လည် ငြိမ်သက်သွားလေတော့သည် ။

“ ဘယ်လို ဖြစ်တာတုန်း ကိုနိုင်ဇော်ရ ကျွန်တော်တော့ ဘာမှကို မစဉ်းစားတတ်တော့ဘူး “

” ခင်ဗျားကို အဖြေမပြောခင် နောက်တစ်ခု ပြဦးမယ်ဗျ လာ “

ဟုဆိုကာ ဝါးရုံတော အစပ်ရှိ ဝါးပင်များရှိရာသို့ ဦးတည်လျှောက်သွားလေသည် ။

ဒေါက်တာ နိုင်ဇော်သည် ဝါးအသေးပင်တစ်ပင်ကို ဆတ်ကနဲ နှုတ်ယူလိုက်လေသည် ။ ထိုအခါ ဝါးရုံတောကြီးမှာ စောစောကကဲ့သို့ လှုပ်ရှားယိမ်းထိုးလာလေသည် ။ ထို့ထက် အံ့သြဖွယ်ကောင်းသည်မှာ ဝါးနှုတ်လိုက်သော နေရာမှ သွေးများပန်းထွက်လာခြင်းပင် ဖြစ်သည် ။ နာရီဝက်ခန့် ကြာသောအခါမှသာလျှင် ပြန်လည် တည်ငြိမ်သွားလေတော့သည် ။

” ဘယ်လို ဖြစ်တာတုန်းကို နိုင်ဇော်ရ ။ ဒီဝါးရုံတောက အသက်များ ရှိနေလား “

” ဝါးရုံတောကတော့ အသက်ဘယ်ရှိမလဲဗျာ ။ ဝါးရုံတော အောက်ခြေမှာ အသက်ရှိတဲ့အကောင် ရှိနေလို့ပေါ့ “

” ဗျာ ဘယ်..ဘယ်လို “

” ဒီလိုဗျ ဆရာ ကြားဖူးလား မသိဘူး ။ ရှေးနှစ်ပေါင်းများစွာက သတ္တဝါကြီးတွေဟာ အလွန်အမင်းကြီး ထွားခဲ့ကြတယ်။ ဒါကြောင့် ကုန်းမှာ မြွေပွေး ရေမှာ ငရွေး ဆိုပြီး အဆိုရှိခဲ့ကြတယ်ဗျ။ ရေထဲမှာဆို ငရွေးဆိုတဲ့ ငါးဟာ အကြီးဆုံးပဲ ။ သူပြီးမှ ညံ သတ္တဝါတွေက အကြီးဆုံးပဲ ။ မြေကြီးထဲမှာ ဆိုရင် ကုန်းနေသတ္တဝါတွေထဲမှာ ဆိုရင်ပေါ့ ဗျာ ။ မြွေပွေးက အကြီးဆုံးပဲဗျ ။ ဒီကောင်တွေက အစာစားပြီးတာနဲ့ တစ်နေရာရာမှာ နှစ်နဲ့ ချီပြီး ငြိမ်ငြိမ်လေး နေနေလေ့ ရှိတယ်ဗျ ။ ရာသီဥတုတွေပြောင်းတော့ သူတို့ကိုယ်ပေါ်မှာ လေဒဏ်မိုးဒဏ်နဲ့ အလေ့ကျ အပင်တွေ ပေါက်လာတယ် ။ မျှစ်စို့လေးတွေ လည်းပေါက်လာပြီး နောက်ပိုင်းကြီးလာတဲ့အခါ သူတို့ ကိုယ်က အသားတွေကို ဖောက်ပြီး ဝါးရုံပင်တွေပေါက်လာတယ်။ ဒါပေမယ့်လည်း ဒီကောင်တွေက ငြိမ်နေတော့ မသိသာဘူးပေါ့ ။ ဒါပေမယ့် ဝါးရုံပင်ကို နှုတ်လိုက်တဲ့အခါ သူတို့ ကိုယ်ပေါ်က အသားတွေကို ဆွဲနှုတ်သလို ဖြစ်ပြီး သွေးတွေ ထွက်လာတာပဲဗျို့ ။ ပြီးတော့ သူတို့ ကိုယ်ပေါ်ကို မီးမွှေးတော့ အပူဒဏ်ကြောင့် မြွေကြီး လှုပ်ရှားလိုက်တဲ့အခါ သူ့ကိုယ်ပေါ်မှာ အမြစ်တွယ်နေတဲ့ ဝါးရုံတောကြီးပါ လိုက်ပြီး လှုပ်လာတာပေါ့ဗျာ “

” အော်.. လတ်စသတ်တော့ ဒီလိုကိုး ဒါဆို သူတို့ ခေါင်းကရောဗျာ “

” ခေါင်းကတော့ တောတွင်းတစ်နေရာမှာ ရှိမှာပေါ့ဗျာ “

” အော်…”

သို့နှင့် ကျွန်ုပ်ရင်ထဲက ပုစ္ဆာလည်း ဒေါက်တာနိုင်ဇော် အဖြေကြောင့် ရှင်းလင်းသွားရလေတော့သည်။

—————————————————

နောက်တစ်နေ့ နံနက်တွင် ရွာသားများအား သူကြီးအိမ်တွင် စုနေစေပြီး အဖြေကို ပြောပြလိုက်လေသည် ။ ရွာသားများမှာ အံ့သြလွန်း၍ မျက်တောင်ပင် မခတ်ကြပေ ။ ပြီးနောက်

” တော်သေးတာပေါ့ ဆရာရယ်။ ဆရာတို့လို ဗဟုသုတကြွယ်ဝလူမို့သာပေါ့ ။ ကျွန်တော်တို့ဖြင့် သရဲခြောက်တယ်ပဲ ထင်နေတာဗျာ။ ဒါနဲ့ ဒီမြွေကြီးကို ဘယ်လို လုပ်ရမလဲဗျာ “

” ဒီလို ရှိတယ်ဗျာ ဒီကောင်ကြီး ငြိမ်နေတုန်းတော့ အကြောင်းမဟုတ်ဘူးဗျ ။ ဒါပေမယ့် အချိန်တန်လို့ ဗိုက်ဆာလို့ လှုပ်ရှား လိုက်ရင် ဒီရွာကလေးလည်း ပျက်သွားနိုင်တယ် ။ ဒီတော့ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်ဗျာ ။ ရှင်းရမယ့် နည်းလမ်းကတော့ အခု ဒီရွာရဲ့ ဘေးက ခမာတောင်ခြေမှာ ရထားလမ်းဖောက်ဖို့ တောင်တွေ ဖြိုနေကြတယ် ။ သူတို့ကို အကူအညီတောင်းပြီး ဒီကောင်ကြီးကို မိုင်းနဲ့ ရှင်းပစ်ရမှာပဲ “

” အေးဗျာ ဆရာရဲ့ အကြံကတော့ အကောင်းဆုံးပဲ ။ ဒီကောင်ကြီးက သူ့ဘာသာနေတဲ့အတွက် ရက်စက်ရာ ကျပေမယ့် မတတ်နိုင်ဘူးလေ ။ တချိန်လူတွေ ဒုက္ခမရောက်ဖို့အတွက် ရှင်းပစ်ရမှာပဲ ဆရာရေ “

ဒီလိုနဲ့ ရွာသူကြီး ဦးအေးမောင် နဲ့ ရပ်ရွာလူကြီးများ ၊ ကျွန်ုပ်တို့ နှစ်ဦး ပေါင်းပြီး မိုင်းလုပ်သားများကို သွား၍ အကူအညီတောင်းကြလေသည် ။

ရထားလမ်း အလုပ်သမားများကလည်း အထက်လူကြီးကို တင်ပြပြီး အကူအညီပေးလေသည် ။ သို့နှင့် သက်ကယ်သောင်ရွာကလေးတွင် ရွာသူရွာသားများအား ထိတ်လန့်တုန်လှုပ်စေခဲ့သော မြွေကြီးအား မိုင်းခွဲ၍ ရှင်းပစ်လိုက်လေတော့သည် ။

ကျွန်ုပ်တို့ နှစ်ဦး၏ စိတ်ထဲတွင်ကား သူ့ဘာသာနေသော မြွေကြီးအား တမင်တကာ သတ်ဖြတ်လိုက်ရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန် ရွာသူရွာသူများ၏ အသက်ပေါင်းများစွာနှင့် ပတ်သက်နေသည်ဖြစ်သောကြောင့်သာ သတ်ဖြတ်ရခြင်း ဖြစ်သည်မို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေတော့သတည်း။

ပြီးပါပြီ။