တဖြည်းဖြည်း အရပ်ရှည်လာသော သရဲကြီး

တဖြည်းဖြည်း အရပ်ရှည်လာသော သရဲကြီး
ရေးသားသူ – မဟာရာဇာ အံစာတုံး

ကျွန်တော်တို့ ရွာဘက်တွေမှာ ပဲနဲ့ နှမ်းကို အဓိက စိုက်ပျိုးကြပါတယ်။ သဲမြေတွေပေါ်မှာ စိုက်ကြရတာပါ။ ပဲတွေ၊ နှမ်းတွေ ရင့်မှည့်ချိန်မှာ ရွာထဲက အိမ်ကို သယ်ဆောင် မလာသေးဘဲနဲ့ ယာခင်းထဲမှာပဲ ခဏထားကြပါတယ်။ ပဲ ဆိုရင် ပဲပင်တွေကို နုတ်ပြီး ပဲသီးကို ခြောက်အောင် ထားကြရပါတယ်။ နှမ်းဆိုရင် နှမ်းပင်တွေကို နုတ်ပြီး ခြောက်သွားအောင် ထောင်ထားကြပါတယ်။ အဲဒီလို အပင်တွေနုတ်ပြီး ယာခင်းထဲ ထားတဲ့ ရက်ပိုင်းမှာ သူခိုးတွေရဲ့ရန်က ကာကွယ်ဖို့ တဲကလေးထိုးပြီး ယာခင်းထဲမှာ သွားစောင့်ကြရပါတယ်။

ညနေခင်း ရောက်ပြီဆိုရင် အိမ်ကနေ ထမင်းနဲ့ စောင်ထုပ်ဆွဲပြီး ယာခင်း စောင့်ဖို့ သွားကြရတယ်။ ယာခင်းမှာ ညအိပ်စောင့်ပြီး မနက်ခင်းကြမှ ရွာကို ပြန်လာလေ့ရှိကြပါတယ်။ ကျွန်တော်လည်း အဖေနဲ့အတူ ယာခင်းစောင့် လိုက်ခဲ့ဖူးပါတယ်။ ညမှောင်ပြီဆိုရင် ကြောက်ဖို့တော့ အကောင်းသား။ လူသွားလူလာကလည်း မရှိ၊ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း မှောင်မဲနေတာပဲ။ ယာခင်းစောင့်တဲ့ တဲတွေကလည်း တစ်တဲနဲ့ တစ်တဲ အလှမ်းဝေးပါတယ်။ ကျွန်တော်တို့ ရွာဓလေ့နဲ့ မရင်းနှီးတဲ့ သူတွေသိအောင် ပြောရခြင်း ဖြစ်ပါတယ်။

ကိုသာအောင် တစ်ယောက် ယာခင်းစောင့်ဖို့ ဆိုပြီး ညနေပိုင်းမှာ ရွာကနေ ထွက်လာခဲ့ပါတယ်။ သူစောင့်ရမယ့် ယာခင်းဟာ ကျွန်းဖိုကုန်းဘုရားရဲ့ မြောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတာပါ။ ကျွန်းဖိုကုန်း ဘုရားဟာ ကျွန်တော်ရေးခဲ့တဲ့ (ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံများ) အကြောင်းမှာ ပါပြီးသား ဖြစ်ပါတယ်။

ကိုသာအောင်ဟာ သရဲဘောနည်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် ညဘက် ယာခင်းစောင့်ဖို့အတွက် သူတစ်ယောက်တည်း လာခဲ့တာပါ။ ဒီလိုနဲ့ ညဘက်ရောက်တော့ ယာခင်းရဲ့ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ရင်း ခဏတော့ အိပ်ဦးမယ်ဆိုပြီး အိပ်ယာပေါ်မှာ လှဲနေလိုက်ပါတယ်။

မနက်ဖြန် မနက်စောစော အိမ်ကို ပြန်ပြီး လုပ်စရာ ကိစ္စတွေ ရှိနေသည့်အတွက် ကိုသာအောင် တစ်ယောက် စိတ်စောနေလို့ အိပ်ရာကနေ ခဏ၊ ခဏ နိုးနေတယ်။ အဲဒီလို ဇောနဲ့ အိပ်နေရင်း ကိုသာအောင် ဖြတ်ခနဲ နိုးလာတဲ့အခိုက် အိပ်ရာက ထပြီး ယာခင်း ပတ်ဝန်းကျင်ကို လေ့လာပါတယ်။ လရောင်က ရှိနေသည့်အတွက် ဝိုးတဝါး အလင်းရောင်တော့ ညက လုံးဝ မှောင်မဲမနေပါ။ အဲဒီလို ကိုသာအောင် ယာခင်း ပတ်ဝန်းကျင်ကို လေ့လာနေတဲ့ အခိုက်မှာ အဝေးဆီက ကြက်တွန်သံ သဲ့သဲ့ကို ကြားလိုက်ရပါတယ်။

“ဟင် … လင်းကြက်တွန်သံတောင် ကြားရပြီပဲ။ ရွာကို ပြန်မှပဲ”

ကိုသာအောင် တစ်ယောက်တည်း ရေရွတ်လိုက်ပါတယ်။ ကိုသာအောင် ကြက်တွန်သံကို ကြားရလို့ မနက် (၄) နာရီလောက် ရှိပြီထင်ပြီး ပြန်ဖို့ ပြင်ပါတော့တယ်။ ဟုတ်သည်လေ။ အိမ်မှာ လုပ်စရာ အလုပ်တွေကလည်း ရှိသေးသည် မဟုတ်ပါလား။ ကျွန်တော်တို့ တောဘက်မှာ နာရီ ပတ်ခဲပါတယ်။ မြို့တက်မှသာ နာရီကို များသောအားဖြင့် ပတ်ကြတာပါ။ ဒါကြောင့် ကိုသာအောင်မှာ နာရီ မပါပါဘူး။ ကြက်တွန်သံနဲ့သာ အချိန်ကို မှတ်ကြတာပါ။ ဒီလိုနဲ့ ကိုသာအောင်တစ်ယောက် အထုပ်ဆွဲပြီး ရွာကို ပြန်လာပါတော့တယ်။

တကယ်တမ်း သူကြားခဲ့ရတဲ့ ကြက်တွန်သံက လင်းကြက်တွန်သံ မဟုတ်ဘဲ လူကြီး ခေါင်းချချိန်လောက်မှာ တွန်တဲ့ ကြက်တွန်သံပဲ ဖြစ်ပါတယ်။ ဒါကို စိတ်စောလွန်းနေတဲ့ ကိုသာအောင်က လင်းကြက်တွန်သံလို့ ထင်ခဲ့တာပါ။ ကိုသာအောင် မှောင်မှောင်မဲမဲထဲမှာ ရွာဆီကို ပြန်လာခဲ့ပါတယ်။ သူ့မှာ ဓာတ်မီးလည်း ပါမလာပါဘူး။ ဒီလမ်းတွေက ကျွမ်းကျင်ပြီးသား လမ်းတွေဆိုတော့ မျက်စိမှိတ်ပြီးတောင် လျှောက်လို့ရနေပါတယ်။ ဒါကြောင့် ဓာတ်မီး ယူမလာဘဲ ခပ်ဖျော့ဖျော့ လရောင်ကိုသာ အားပြုပြီး ပြန်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်းဖိုကုန်းဘုရားကို ကျော်လာခဲ့တယ်။ ကိုသာအောင် မကြောက်တတ်ပေမယ့် ကျွန်းဖိုကုန်း ဘုရားကို ဖြတ်လာတုန်းက ကြောထဲက စိမ့်သွားပါတယ်။ ဟုတ်တယ်လေ။ ဘုရားနားတစ်ဝိုက်က နာမည်ကြီးတာကိုး။

ဘုရားကျော်လာတော့ ကိုသာအောင်တစ်ယောက် သူ့လိုပဲ ယာခင်းစောင့်က ပြန်လာတဲ့ အဖော်လေး ဘာလေး တွေ့လိုတွေ့ငြား လိုက်ကြည့်မိတော့ ဟိုးခပ်လှမ်းလှမ်းဆီမှာ ခပ်မည်းမည်းတစ်ခုက လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်။ ကိုသာအောင် ဝမ်းသာသွားပါတယ်။ အဖော်ရပြီပေါ့။ ဒါနဲ့ အဲဒီ ခပ်မည်းမည်းလေး လာမယ့် လမ်းထိပ်ကနေ ရပ်စောင့်နေလိုက်ပါတယ်။

အဲဒီ ခပ်မည်းမည်းလေးက လရောင်ဖျော့ဖျော့ အောက်မှာ ရုပ်လုံးပီပြင်လာပါတယ်။ ကိုသာအောင်ဆီကို တည့်တည့်ကို ရွေ့လျားလာတာပါ။ ကိုသာအောင်ကလည်း အဲဒီ ခပ်မည်းမည်းကို ရပ်ကြည့်ပြီး စောင့်နေလိုက်တယ်။ ဒီလို စောင့်နေရင်းနဲ့ ခဏကြာတော့ ကိုသာအောင် သူ့မျက်လုံးကို သူ ပြန်ပွတ်ကြည့်တယ်။

ဟုတ်ပါတယ်။ အဲဒီ ခပ်မည်းမည်းက ပုံမှန်ထက် ပိုပြီးများ အရပ်မြင့်လာသလားလို့။ ကိုသာအောင် မြင်တာ မမှားပါဘူး။ ကိုသာအောင် မျက်လုံးပြူးသွားတယ်။ အဲဒီ ခပ်မည်းမည်း အရာက တဖြည်းဖြည်းနဲ့ ပိုပြီး ပိုပြီး ရှည်လာပါတယ်။ သူ့ရဲ့ လမ်းကြောင်းကတော့ မပြောင်းဘူး။ ကိုသာအောင်ဆီကို တည့်တည့်ပါပဲ။ ကိုသာအောင် မျက်လုံးပြူးပေမယ့် ရပ်စောင့်ကြည့်နေတုန်းပါပဲ။ ကိုသာအောင်က ဘေးနားမှာ သစ်သီးတစ်လုံး ကြွေကျတာနဲ့ ကမ္ဘာပျက်ပြီဆိုပြီး ထွက်ပြေးတတ်တဲ့ ယုန်သူငယ်လို လူမျိုးမှ မဟုတ်တာ။ ဒါပေမယ့် ပုထုဇဉ်ဆိုတော့ သေရမှာကိုတော့ ကြောက်တတ်တာပေါ့။

အခု ခပ်မည်းမည်း ခပ်ရှည်ရှည်ကြီးက ကိုသာအောင်နဲ့ အလှမ်းငါးဆယ် အကွာလောက်ကို ရောက်လို့လာပါပြီ။ ကိုသာအောင် လည်ပင်းအဆုံး မော့ကြည့်တာတောင် မျက်နှာကို လှမ်းမမြင်ရလောက်အောင်ကို ရှည်လာပါတယ်။ အဲ့ဒီ အချိန်မှာ ကိုသာအောင် ကြက်သီး မွှေးညှင်းတွေ ထလာပါတော့တယ်။

ကိုသာအောင် တစ်ယောက် အဲဒီ ခပ်မည်းမည်းကြီးကို လရောင် ခပ်ဖျော့ဖျော့ အောက်မှာ အနီးကပ်ဆုံး မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အခိုက်မှာတော့ သူ့ရဲ့ ခြေထောက်တွေက သစ္စာဖောက်အဖြစ် မခံနိုင်တော့ပါဘူး။ ရွာဆီကို တစ်ချိုးတည်း ပြေးပါတော့တယ်။ နောက်ကနေ အဲဒီ အကောင်ကြီး လိုက်လာလား၊ မလိုက်လာလားလဲ ကိုသာအောင်အောင် မသိတော့ဘူး။ ပြောရမယ်ဆိုရင် သူ့အိမ်သူ ပြန်ရောက်တာတောင် သိလိုက်မှာ မဟုတ်ပါဘူး။

သူ့လို မမြင်ဘူးလို့ မကြောက်တတ်တဲ့ လူတစ်ယောက် တကယ့်လက်တွေ့မှာ ပထမဆုံးနဲ့ အသေချာဆုံး အထင်ရှားဆုံး တွေ့လိုက်ရတော့ တော်တော့်ကို ကြောက်သွားခဲ့ပါတယ်။ ပါးစပ်ကလည်း အိမ်ရောက်တဲ့အထိ “သရဲကြီး ၊ မည်းမည်းကြီး” ဆိုပြီး ကယောင်ကတမ်းနဲ့ မြည်တမ်းနေပါတော့တယ်။ ဖျားသွားတာလည်း တစ်ပတ်လောက်အထိ ပါပဲ။

အဲဒီ အချိန်ကစပြီး ကိုသာအောင်တစ်ယောက် ကျွန်းဖိုကုန်း ဘုရားလမ်းဘက်ကို တစ်ယောက်တည်း မသွားရဲတော့ပါဘူး။ ရွာထဲက လူတွေကတော့ ပြောကြတယ်။

” သာအောင်ရေ … မင်းနောက်ကို သရဲကြီး လိုက်မလာတာ ကံကောင်းတယ်လို့ ပြောရမှာပဲ။ အဟဲ … သမင်ဆယ်လှမ်း ကျားတစ်လှမ်းဆိုတာ ကြားဖူးတယ် မဟုတ်လား။ မင်း ဘယ်လောက်ပြေးပြေး ဒီကောင်ကြီးက တကယ်တမ်း မင်းကိုဖမ်းချင်ရင် နှစ်လှမ်း၊ သုံးလှမ်းလောက်ပဲနော်။ မင်းကို ခြောက်ရုံတင် ခြောက်လွှတ်လိုက်တာ ကံကောင်းတယ်မှတ် …. ”

အဲဒီလို အခါမျိုးမှာ ကိုသာအောင်က –

” ဟုတ်တယ်ဗျို့။ ကျုပ်လည်း နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မှ ကျုပ်ရဲ့ သတ္တိက ကိုရင်တင်ထူးရဲ့ ခြေဖျားတောင် မမှီပါလားဆိုတာ သိရတယ်ဗျို့ ”

– ဟူ၍ ပြောတတ်သည်။

ကိုသာအောင်ပြောသော ကိုရင်တင်ထူး ဆိုသည်မှာ တကယ့် ကိုရင်ကို ပြောသည် မဟုတ်ပါ။ သူ့ထက် အသက် နှစ်နှစ်ခန့်ကြီးသော ကိုထင်ထူးကို ဆိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာဘက်တွင် ကိုယ့်ထက်အနည်းငယ်ကြီးသူ၊ ကိုယ်နဲ့ အရွယ်တူသူများကို သူတို့ရဲ့ နာမည်ရှေ့မှာ ကိုရင် တပ်ပြီး ခေါ်လေ့ရှိကြပါသည်။

ယခု အဖြစ်အပျက်သည် ကျွန်တော်တို့ရွာတွင် ဖြစ်ခဲ့သော တကယ့်အဖြစ်အပျက်အား တင်ပြခြင်း ဖြစ်ပါသည်။ ထိုသရဲကြီးနှင့် တွေ့ခဲ့ဖူးသူမှာ ယခုအချိန်ထိ သုံးလေးဦးခန့် ရှိပါသည်။

ပြီးပါပြီ။