ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံမျာ

ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံများ
ရေးသားသူ – မဟာရာဇာ အံစာတုံး

ကျွန်တော် ငယ်ငယ်က သရဲ အလွန်ကြောက်တတ်ခဲ့သည်။ လူကြီးများကလည်း ခြောက်ကြသည်။ သရဲဆိုတာ အရပ်ကြီးက ထန်းပင်လောက်ကြီး၊ မျက်လုံးကြီးတွေကလည်း သပိတ်လောက်ကြီး၊ အမွှေးတွေကလည်း နီစုပ်စုပ်နဲ့ …. စသည်ဖြင့် ခြောက်လှန့်ထားကြသည်။ ဒါကြောင့် ညဆိုရင် အိမ်အပြင် မပြောနှင့်၊ အိမ်အပေါ်ထပ်ပင် မတက်ရဲခဲ့။ အခုအချိန်မှ ကျွန်တော် ပြန်တွေးမိသည်မှာ ဒီလောက် အရပ်မြင့်တဲ့ သရဲ အိမ်ထဲ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ဟူ၍ ဖြစ်ပါသည်။

ထိုသို့ ငယ်စဉ်က သရဲကြောက်တတ်ခဲ့သော်လည်း သရဲဆိုသည်ကို မကြုံတွေ့ခဲ့ဖူးပါ။ သို့ပေမယ့် ကျွန်တော် ၁၂ နှစ်သား အရွယ်လောက်မှာတော့ ကြပ်တစ္ဆေကို ကြုံတွေ့ခဲ့ရပါတော့သည်။

ကြပ်တစ္ဆေ ဟူသည်မှာ အုပ်စုလိုက် ခြောက်သော သရဲတစ်မျိုးဟု အလွယ်မှတ်လို့ ရပါသည်။ ကျွန်တော်တို့ အညာဒေသ ရွာဘက်များတွင် အများဆုံး ရှိပါသည်။ ရွာမှ လူကြီး အတော်များများမှာ ကြပ်တစ္ဆေများနှင့် ကြုံဖူးကြပါသည်။ လူကြီးတစ်ဦး၏ အဖြစ်ကို ပြောရပါမူ –

တစ်ခါက ထိုလူကြီးမှာ မြို့မှ ရွာသို့ ပြန်လာခိုက် လမ်းတွင် ကားကြုံတွေ့၍ စီးလာခဲ့ပါသည်။ ညကလည်း မှောင်၊ ရွာရောက်ဖို့လည်း လိုသေး၍ ကားပေါ်တွင် မျက်စိကို မှေးပြီး လိုက်လာခဲ့ပါသည်။ အဲဒီလို လိုက်လာရင်းနဲ့ မှေးခနဲ အိပ်ပျော်သွားခဲ့ပါသည်။ အိပ်ရာကနိုးလို့ မျက်လုံးကိုလည်း ဖွင့်ကြည့်လိုက်ရော ညကလည်း မှောင်နေတော့ ဘာကိုမှ မမြင်ရ၊ သူစီးလာတဲ့ ကားကလည်း မရှိတော့။ ထပြီး ပတ်ဝန်းကျင်ကြည့်မိတော့ သူ ကားစပြီးစီးတဲ့နေရာမှာတင် ရှိနေသေးတာကို တွေ့လိုက်ရပါသည်။ အဲဒီကားဟာ ကြပ်တစ္ဆေကားပဲ ဆိုတာ သိလိုက်ရပြီး ရွာကို ခြေလျင် လမ်းလျှောက်ရင်းနဲ့သာ ပြန်ခဲ့ရပါတော့သည်။

ကျွန်တော်တို့ ရွာကလူများ သရဲ၊ တစ္ဆေ၊ ကြပ်တစ္ဆေများနှင့် တွေ့ကြုံခဲ့ရသည်များကို ပြောရပါမူ အများကြီး ဖြစ်နေပါလိမ့်မည်။ နောက်တော့မှ ဖြည်းဖြည်းချင်း ကျွန်တော် ရေးသားပေးသွားပါမည်။ အခု ကျွန်တော် ကြားခဲ့ရသော ကြပ်တစ္ဆေများ၏ အသံအကြောင်းကိုသာ ပြောပြပါမည်။

ရွာရဲ့ဓလေ့အတိုင်း မိုးရွာပြီဆိုရင် ပျိုးကြဲဖို့ ပြင်ကြရပါသည်။ မနေ့က မိုးရွာလို့ ဒီနေ့ မနက်စောစော ဝေသီဝေလင်း ပျိုးကြဲဖို့ဆိုပြီး ကျွန်တော်ရယ်၊ ကျွန်တော့်အဖေရယ်၊ အဖိုးရယ် သုံးယောက်သား ယာခင်းဆီကို ထွက်လာခဲ့ကြပါသည်။ ကျွန်တော်တို့ ယာခင်းမှာ ကျွန်းဖိုကုန်းဟူသော ဘုရားနှင့် မလှမ်းမကမ်းတွင် ရှိပါသည်။ မနက်စောစောဆိုပေမယ့် ၄ နာရီလောက်ပဲ ရှိပါဦးမည်။ ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း မှောင်မဲနေပါသည်။

လှည်းဝင်ရိုးသံမှတစ်ပါး ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း တုံဏှိဘာဝေ။ ရွာရဲ့အထွက် မလှမ်းမကမ်းမှာ ရွာသင်္ချိုင်း ရှိပါသည်။ ယာခင်းဆီသွားသည့် လှည်းလမ်းမှာ အဲဒီသင်္ချိုင်း မန်ကျီးပင်ကြီးအောက်မှ ဖြတ်သွားရပါသည်။ အဲဒီသင်္ချိုင်းကို အဖြတ်မှာ ကျွန်တော်ကတော့ ကြောက်လို့ မျတ်စိကိုသာ မှိတ်ထားလိုက်သည်။ ဒါနဲ့ ကျွန်တော်တို့ ယာခင်းဆီကို ရောက်ခဲ့သည်ပေါ့ဗျာ။

ယာခင်းရောက်တော့ ကျွန်တော့်အဖေက ယာထွန်ဖို့ပြင်သည်။ အဖိုးက ပျိုးကြဲဖို့ မြေပဲဆံတွေကို ထုတ်ပါသည်။ ကျွန်တော်ကတော့ အိပ်ချင်မူးတူးနဲ့မို့ လှည်းပေါ်မှာပဲ ငုတ်တုတ်။ သိပ်မကြာပါဘူး။ ကျွန်းဖိုကုန်းဘုရားဘက်က စကားပြောတဲ့ အသံတွေ ကြားလိုက်ရသည်။

အစကတော့ ကျွန်တော့်စိတ်ထဲမှာ အဲဒီ စကားပြောသံတွေဟာ ကျွန်တော်တို့လိုပဲ ပျိုးကြဲဖို့ လာတဲ့လူတွေလို့ပဲ ထင်ခဲ့တာ။ နောက်တော့ စကားပြောသံတွေတင် မကဘူး၊ လှည်းမောင်းတဲ့ အသံတွေရော၊ ရယ်တဲ့ မောတဲ့ အသံတွေပါ ကြားလာရတယ်။ အဲဒီ အသံတွေက တဖြည်းဖြည်း ပိုပြီး ကျယ်လာတယ်။ ဒီလောက် စောစောစီးစီး ဒီလောက် အကျယ်ကြီး ပြောရ၊ ရယ်ရအောင် ဘယ်လိုလူတွေလဲ မသိပါဘူးဆိုပြီး ငိုက်လို့ကောင်းနေတဲ့ ကျွန်တော် စိတ်တိုလာတယ်။ ဒါနဲ့ လှည်ဘေးမှာ မြေပဲဆံအိတ်ကို ဖြည်နေတဲ့ အဖိုးကို လှမ်းပြောလိုက်တယ်။

“အဖိုး ဒီလူတွေကလည်း စောစောစီးစီး ဘာလို့ ဒီလောက်တောင် စကားအကျယ်ကြီး ပြောနေရတာလဲ။ မနက် အစောကြီး နားငြီးလိုက်တာဗျာ”

“ဟ ငါ့မြေးရဲ့၊ အဲဒါ လူတွေ မဟုတ်ဘူး၊ ကြပ်တစ္ဆေတွေ၊ ဘုရားဖူး လာကြတာလေကွာ”

“ဗျာ …..”

ကြပ်တစ္ဆေ ဆိုတဲ့ အသံလည်း ကြားလိုက်ရော ကျွန်တော် စိတ်တိုတာတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ ကျောထဲကလည်း စိမ့်ကနဲပဲ။ နောက်တော့ လှည်းပေါ်ကနေ အဖိုးရဲ့ဘေးနားကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ပါဘူး။

အဲဒီ ကြပ်တစ္ဆေ အသံတွေက ကျယ်သထက် ကျယ်လာတယ်။ ကျယ်လာတာက အကြောင်း မဟုတ်သေးဘူး။ ကျွန်တော်တို့ ယာခင်းဘက်ကို တဖြည်းဖြည်း ဦးတည်းလာနေတာ။ ကျွန်တော်လည်း ကျွတ်တာပေါ့။ မရဲတရဲနဲ့ အဖိုးကို ပြောရတယ်။

“အဖိုး အသံတွေက ကျွန်တော်တို့ဘက်ကို တဖြည်းဖြည်း ရောက်လာတယ်နော်”

“ရောက်မှာပေါ့ကွ၊ အဲဒီ ကြပ်တစ္ဆေတွေက ဟို ရိုးထဲမှာ နေတာ ….”

ရိုးဆိုတာ ချောင်းလိုပဲ။ ဒါပေမယ့် ရေမရှိဘူး။ မိုးရွာမှ ရေစီးတယ်။ ချောင်းလောက်တော့ မကျယ်ဘူး။ ကျဉ်းတယ်။ အဖိုးပြောတဲ့ ရိုးက ကျွန်တော်တို့ ယာခင်းရဲ့ မြောက်ဘက် မလှမ်းမကမ်းမှာ ရှိတာပါ။

ဟုတ်တယ်ဗျို့။ ကြပ်တစ္ဆေလှည်းတွေက အဲဒီရိုးဘက်ကို မောင်းနေကြတဲ့ အသံတွေ အတိုင်းသား ကြားနေရတယ်။ ကျွန်တော့်အဖေကို လှမ်းကြည့်လိုက်တော့လည်း ဘာမှ မသိသလိုပဲ။ သူ့အလုပ် သူလုပ်နေတယ်။ ကျွန်တော် တစ်ယောက်ပဲ လန့်နေတယ်။ မကြာပါဘူး။ ကျွန်တော့် ယာခင်းနား အရောက်မှာ အသံတွေက တဖြည်းဖြည်း ပျောက်သွားပါတော့တယ်။

ဒါကတော့ ကျွန်တော် တကယ့်လက်တွေ့ ကြားခဲ့ရတဲ့ ကြပ်တစ္ဆေအသံတွေ အကြောင်းပါပဲ။ အဲဒါလည်း ကြုံပြီးရော ကျွန်တော်လည်း နေ့ခင်း ကြောင်တောင်တောင်မှ အဲဒီ ရိုးဘက်ကို မသွားရဲတော့ပါဘူး။

ကျွန်တော် ပြောခဲ့တဲ့ ကျွန်းဖိုကုန်း ဘုရားနား တစ်ဝိုက်ကလည်း ကြမ်းတယ်ဗျ။ အဲဒီနားက အဖြစ်တွေကလည်း ကြောက်စရာ၊ လန့်စရာပါပဲ။ ကျွန်းဖိုကုန်း ဘုရားရဲ့ အရှေ့ဘက်မှာ ကျောက်ပုထိုးတောင် ဆိုတာ ရှိသေးတယ်။ သိုက်ရှိတယ်ဆိုပဲ။ ဥစ္စာစောင့်မတွေလည်း ရှိတယ်တဲ့။ သိုက်လာတူးတဲ့ လူတွေလည်း ရူးသွားခဲ့ကြတယ်လို့ ပြောပါတယ်။ နောက်ပြီး ဥစ္စာစောင့်မတွေ ပြုစားလို့ ရူးသွားခဲ့ရတဲ့ လူတစ်ယောက်လည်း ရွာမှာ ရှိခဲ့ဖူးတယ်။ ဒါကိုတော့ နောက်မှ ကျွန်တော် ရေးပေးသွားပါမယ်။

ကျွန်တော် ကြားခဲ့ရတဲ့ ကြပ်တစ္ဆေတွေရဲ့ အသံ အကြောင်းကိုတော့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ရပါတယ်ဗျာ။

ပြီးပါပြီ။