ဆေးလိပ် တောင်းသောက်တဲ့ သရဲ

ဆေးလိပ် တောင်းသောက်တဲ့ သရဲ
ရေးသားသူ – မိုးစက်

အချိန်ကား ည (၂) နာရီခန့်…

“ ကလင်…ကလင်…ကလင်” ဖုန်းမြည်သံ….

“ ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ (…………) မြို့နယ်ရဲစခန်းက တာဝန်မှူးပါခင်ဗျာ ”

တစ်ဖက်ဖုန်းမှ ပြောသောစကားကြောင့် ကျနော်

“ ဟုတ်ကဲ့ခင်ဗျ… နေရာအတိအကျလေး ပြောပေးပါခင်ဗျ…… ကောင်းပါပြီခင်ဗျာ ကျနော်တို့ အခုပဲ လာခဲ့ပါမယ်ခင်ဗျ”

ဆောင်းတွင်း ဒီဇင်ဘာလရဲ့ အေးစက်မှုတို့က ရင်ထဲမှာ ခိုက်ခိုက်တုန်စေသည်။ ညလုံးပေါက် တာဝန်မှူးဝင်ရမည်ဖြစ်သောကြောင့် အကြမ်းရေကို ဓါတ်ဘူးထဲ အပြည့်ထည့်ထားပြီး အေးစက်မှုကို အံတုစေတယ်။ ဒီလိုညတွေဟာ မိသားစုနဲ့ နွေးထွေးစွာ မှေးစက်ရမည်ဆိုပါက တန်ဖိုးဖြတ်နိုင်လိမ့်မည်မဟုတ်။ သို့သော်….. တာဝန်ဆိုတာ လွန်ဆန်လို့မရနိုင်ဘူးလေ…။ ယူနီဖောင်းဝတ်လိုက်ပြီး… နဘေးတွင် စာထိုင်ဖတ်နေသော တပ်ကြပ်ကြီးအား

“ ကဲ…. ဆရာကြီးရေ ကိစ္စတော့ရှိလာပြီဗျ ယူနီဖောင်းဝတ်ပြီး လိုက်ခဲ့ပါဦး”

“ဟုတ်ကဲ့ ဗိုလ်လေး… ”

တပ်ကြပ်ကြီးလည်း ယူနီဖောင်းဝတ်တော့သည်။

“ ဆရာကြီးရေ… ရဲဘော်တစ်ယောက်ပါ ခေါ်ခဲ့လိုက်ဗျာ”

“ ဟုတ်ကဲ့…ဗိုလ်လေး”

ဟုတ်ကဲ့…. ဆိုသော စကားဖြင့် ရဲတပ်သား တစ်ယောက်အား တပ်ကြပ်ကြီးမှ လိုက်ခဲ့စေသည်။ အေးလိုက်တာဗျာ…. ယူနီဖောင်းအပေါ်ကနေ ကုတ်တစ်ခု ထပ်ဝတ်ထားသော်လည်း အေးစိမ့်မှုကို အံမတုနိုင်သေးပေ။ (ဗိုလ်လေး= ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဒုရဲအုပ်အား လေးစားသမှုဖြင့် ခေါ်သောစကား)

စခန်းမှ ကျနော်တို့သုံးယောက် ဆိုင်ကယ်ကိုယ်စီဖြင့် ထွက်ခွာလာခဲ့သည်။ မြူခိုးတွေဝေ … မှောင်မဲနေသော…. အေးစက်စွာနဲ့ … အုံ့ဆိုင်းဆိုင်း သစ်ပင်တို့… ခြောက်ခြားဖွယ် ခွေးအူသံတွေ… မြေနီလမ်းလေးအတိုင်း….. ခရီးဆက်လာခဲ့ရာ…..

“ဗိုလ်လေး… ခဏလေးဗျာ ကျနော် အပေါ့သွားလိုက်ဦးမယ်”

ရဲတပ်သားလေးမှ မအောင့်နိုင်တော့လို့ထင်ပါရဲ့ ။

“ ဟာ… မင်းကလည်းကွာ လုပ်လုပ်… မြန်မြန်လုပ်”

သုံးယောက်သား ဆိုင်ကယ်ရပ်လိုက်တယ်။ လမ်းဘေးဝဲယာမှာတော့ ကျူပင်တွေက ကျနော်တို့အရပ်ထက် ကျော်လွန်ပြီး ပေါက်ရောက်နေတယ်။ ကျူပင်တွေရဲ့ နောက်ကွယ်မှာတော့ အုံးဆိုင်းဆိုင်း ကုက္ကိုလ်ပင်တွေနဲ့ အခြားအပင်တွေ အစီအရီပေါက်ရောက်နေတယ်။

“ သွား… မြန်မြန်လုပ် ငါတို့ဒီကစောင့်နေမယ် ”

“ ဟုတ် … ဗိုလ်လေး”…။

အိတ်ကပ်ထဲမှ စီးကရက်ဗူးကို ထုတ်လိုက်ပြီး

“ ရော့… ဆရာကြီး သောက်ဦး”

“ ဟုတ်…ဗိုလ်လေး”

စီးကရက်တစ်လိပ်ကို တပ်ကြပ်ကြီးအား သောက်စေသည်။ ကျနော်လည်း စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး ခပ်ပြင်းပြင်း တစ်ရှိုက် ရှိုက်လိုက်သည်။ ရှိုက်သွင်းလိုက်သော စီးကရက်ငွေ့ နွေးနွေးတို့ကြောင့် နေသာထိုင်သာရှိသွားတယ်။ နာရီကို ကြည့်လိုက်တယ် ၂ နာရီ ၁၀ မိနစ်။

“ ဗိုလ်လေးပြီးပြီဗျ…သွားကြမယ်”

“ နေဦးကွာ … တစ်လိပ်လောက် သောက်လိုက်ဦးမယ်… ရော့ မင်းလည်းသောက်” ။

အသံတစ်ခုကြားလိုက်တယ် ။ ဒါပေမယ့် လမ်းဘေးခြုံထဲ အကောင်တစ်ကောင်ကောင် ဝင်သွားတယ်ပဲ မှတ်ယူလိုက်တယ်။

“ ဆောင်းလေကလည်းဗျာ… တိုက်တာ အေးလိုက်တာ”

တပ်ကြပ်ကြီးနဲ့ ရဲတပ်သားလေး မျက်လုံးပြူးသွားတယ်။

“ ဟင်… ဗိုလ်လေး လေမတိုက်ပါဘူးဗျာ”

“ အခုလေးတင်တိုက်တာကွ ငါ့နှယ် စိမ့်သွားတာပဲ”

ပြောနေစဉ်မှာပင် ကျနော်တို့မျက်စိတစ်ဆုံးမှ အမှောင်ထဲတွင် ခွေးတစ်ကောင် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရတယ်။ ထိုစဉ်မှာပင် ခွေးသည် ဆွဲဆွဲငင်ငင် ကျနော်တို့ဘက်ကြည့်ပြီး အူပါတော့တယ်။ ခြောက်ခြားစရာအသံဖြင့် အူနေသော ခွေးကို လေးခွနဲ့ မထိအောင် လှမ်းပစ်လိုက်တယ်…။ ခွေးကမကြောက်ဘဲ ထပ်ပြီးအူပြန်တယ်…။ ကျနော် ကြက်သီးမွေးညင်းထသွားတယ်။

ဆရာတော်တစ်ပါးမိန့်ဖူးသော စကားကို သတိရမိသည်။ မိမိအတွက် ဘာမှခြောက်ခြားစရာ မရှိပါဘဲ ကြက်သီးထရင် မိမိအနားမှာ နာနာဘာဝပုဂ္ဂိုလ် ရောက်နေတတ်တယ်တဲ့ ။

ကျနော်တို့ အနားက တစ်ယောက်ယောက် ဖြတ်လျှောက်သွားသလို ခံစားလိုက်ရတယ်။ တပ်ကြပ်ကြီးနဲ့ ရဲတပ်သားလည်း ကျနော့်ကို ကြောင်အမ်းအမ်း လှမ်းကြည့်ကြတယ်။ ခွေးကဆက်တိုက် အူနေတယ်။ ကျနော်တို့သုံးယောက် အနောက်ဘက် ကျူပင်ခြုံတောထဲမှ အသံတွေ ထပ်ကြားရပြန်တယ်။ သုံးယောက်သား ခေါင်းညိတ်အချက်ပြပြီး ဓါတ်မီးကိုယ်စီကိုင်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်သည်။ ဘာမှမတွေ့ရပေ။ သို့နှင့်

“ လာဗျာ သွားကြမယ်… ဘာမှမဟုတ်ပါဘူး”

ဆိုပြီး ဆိုင်ကယ်ပေါ်ခွမည်အပြု…. အံ့သြစရာကောင်းလောက်အောင် ခုနက ခွေးကထွက်ပြေးသွားသည်။ ခွေးလေး အထိနာသွားတယ်ထင်သည်။

“ ကိန်…ကိန်…ကိန်”

အော်သံနှင့်အတူ ထွက်ပြေးသွားသော ခွေးကို ကြည့်ပြီး အံသြမိသည်။ ကျနော်တို့လည်း ထိုခွေးကို ဘာမှမလုပ်လိုက်ပါ။ သို့နှင့် … ဆိုင်ကယ်စက်နှိုးပါတော့တယ်….။ ဘယ်လိုဖြစ်တာတုန်းဟ… စက်ကမနိုးဘူးဖြစ်နေတယ်…။ ပြီးတော့ ကျနော်တစ်ယောက်တည်းမဟုတ် သုံးယောက်လုံး ဆိုင်ကယ်က မနိုးဘူး…။ စတက်နဲ့ နှိုးမရတော့ ကစ်နဲ့ နှိုးတယ် … ။ မရပြန်ဘူး ဘယ်လိုနှိုးနှိုး သုံးယောက်လုံးဆိုင်ကယ်က မနိုးဘူးဖြစ်နေတယ်။

“ ကဲ…. တစ်ယောက်ယောက်တော့ နှောက်ယှက်နေပြီ”

“ ဟုတ်တယ် ဗိုလ်လေးရေ”

ဆိုပြီး ရယ်ကျဲကျဲဖြင့် တပ်ကြပ်ကြီးက ပြန်ပြောသည်။ ရဲတပ်သားလေးကတော့ ပြောင်ပြောင်နောက်နောက်ပဲ

“ အဲဒါဆိုလည်း… ဖမ်းသွားကြတာပေါ့ ဗိုလ်လေးရေ”

ဆိုပြီး လှမ်းနောက်တယ်။ စီးကရက်တစ်လိပ် ထပ်ပြီး မီးညှိလိုက်တယ်။ ပြီးတော့ ဆိုင်ကယ်ခြင်းထဲကို စီးကရက်ဘူး ပစ်ထည့်လိုက်တယ်။ ထို့နောက်…. ကျနော်ကိုယ်တိုင်

“ အခု နှောက်ယှက်နေသော ပုဂ္ဂိုလ်ရေ… ကျနော်တို့က နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်…။ ကျနော်တို့အခု ပြည်သူတွေကို ကူညီဖို့ ကိစ္စတစ်ခုနဲ့ ခရီးဆက်လာတာဖြစ်တယ်…။ ဒါကြောင့် ကျနော်တို့ကို မနှောက်ယှက်ပါနဲ့ …။ လိုအပ်သော အကူအညီရှိရင် အရိပ်အမွှတ်ပြပြီးပြောပါ… ကူညီပါမယ်..။ အခုလုပ်ရပ်ကို ရပ်တန်းက ရပ်လိုက်ပါ”

လို့ ပြောလိုက်တော့… ကျနော့်ဆိုင်ကယ်ခြင်းထဲက စီးကရက်ဗူးလေးဟာ ဆိုင်ကယ်လည်း မလှုပ်မရမ်းပါဘဲနဲ့ လှုပ်ခါသွားတယ်…။ အဲဒါနဲ့ ကျနော်လည်း သဘောပေါက်လိုက်တယ်။ စီးကရက်ဗူးထဲက စီးကရက်တစ်လိပ် ထုတ်လိုက်ပြီး မီးညှိကာ လမ်းဘေးတွင်ချလိုက်ပြီး ….

“ ကဲ… ခင်ဗျားကို ကူညီပေးပြီးပြီ … ကျနော်တို့ကို မနှောက်ယှက်နဲ့တော့လို့ ပြောလိုက်တယ်”

ပြီးတော့ ဆိုင်ကယ်ကို စက်နှိုးလိုက်တယ်။ ချောချောမွေ့မွေ့ပင် စက်နိုးလေသည်။ တပ်ကြပ်ကြီးနဲ့ ရဲတပ်သားတို့ကတော့ ကျနော့်ကို ကြည့်ပြီး ရယ်နေကြတယ်။

နောက်နေ့မနက် စခန်းမှာ ထိုဖြစ်စဉ်ကို တပ်ကြပ်ကြီးနဲ့ ရဲတပ်သားမှ

“ ဗိုလ်လေး… အဲဒီလိုလုပ်ရမယ်လို့ ဗိုလ်လေးဘယ်လိုသိတာလဲ”

“ ဒီလိုဗျ… ကျနော် သတိရမိတာဗျ။ လွန်ခဲ့တဲ့ ၁ လလောက်က အဲဒီနေရာမှာ ဆိုက်ကယ်မှောက်သေဆုံးခဲ့တဲ့ လူတစ်ဦးရှိတယ်လေ…။ အဲဒီဖြစ်စဉ်တုန်းက ကျနော်လိုက်ပြီး ဆောင်ရွက်ခဲ့တာ …။ သေဆုံးသူရဲ့ ဆိုင်ကယ်ခြင်းထဲမှာ စီးကရက်တစ်ဗူးတွေ့တယ်…။ အဲဒီဖြစ်စဉ်ကို သတိရလိုက်တာ…။ ကဲ… သိကြပြီလား”

ထိုတော့မှ…

“ သြော် … သိပါပြီ..သိပါပြီ….လေးစားပါတယ်ဗျာ”

ပြီးပါပြီ။