အိမ်သာထဲက ဗိုက်ကြီးသည် သရဲမ

အိမ်သာထဲက ဗိုက်ကြီးသည် သရဲမ
ရေးသားသူ – လမင်း

(ဒီဇာတ်လမ်းလေးကတော့ ပြည်ကုတင် ၁၀၀ ဆေးရုံ သားဖွားမီးယပ်အဆောင် အိမ်သာတွင် ခြောက်ခံခဲ့ရသော လမင်း မေမေကိုယ်တိုင် ပြောပြတဲ့ ဇာတ်လေးပါရှင်။ ဒီဇာတ်လမ်းလေးကို ပြောပြပေးသော ချစ်မေမေကို ဒီနေရာက အထူးကျေးဇူးတင်ပါတယ် ရှင်။)

ဆေးရုံတစ်ရုံရဲ့ မှုံပြပြ မီးရောင်အောက်တွင် နန်းသီတာ တစ်ယောက် အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည်။ လူနာကုတင်ထက်တွင် အိပ်ပျော်နေသော နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ ယောင်းမကတော့ နှစ်ခြိုက်အိပ်ပြောနေလေသည်။ ဘေးကုတင်က လူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လည်း ဘေးကုတင်က လူနာဖြစ်သည့် မကေခိုင်ကလည်း အိပ်မောကျနေလေပြီ…….။

အိမ်သာ သွားချင်လွန်းလို့ ထလာရသော်လည်း လူသူကင်းမဲ့နေသော မှိန်ပြပြ မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့ လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာ ကောင်းလှပေသည်။ ကော်ရစ်တာ တစ်လျှောက်တွင်လည်း သူမခြေသံမှအပ အရာအားလုံး တိတ်ဆိတ်လျက် ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာတံခါးကိုဖွင့်ရင်း ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကို လာခေါက်သံတစ်ခု ကြားလိုက်ရလေသည်…။

အိမ်သာ အခန်းလွတ်တွေရှိနေတာကို သူမအခန်းကိုမှ လာခေါက်သောကြောင့် နန်းသီတာ တစ်ယောက်စိတ်တိုကာ

“အထဲမှာ လူရှိတယ်”

ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ ရပ်သွားကာ တံခါးကို လက်သည်းနဲ့ခြစ်သံ ထွက်လာပြန်သည်။

နန်းသီတာ တစ်ယောက် ဒေါသကို မထိန်းနိုင်တော့ဘဲ ကိစ္စကို အမြန်ရှင်း၍ တံခါးအဖွင့်တွင်

” ဟင် ဘယ်သူမှမရှိပါလား ငါသေချာကြားလိုက်တာပါ ဘယ်ရောက်သွားတာပါလဲ ”

လို့တွေးရင် လက်ဆေးဘေစင်သို့ သွား၍ လက်ဆေးနေစဉ် အကြည့်က မှန်ထဲသို့ ရောက်သွားသည်။ မှန်နောက်တည့်တည့်က အိမ်သာအခန်းတွင် မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်ခွထိုင်၍ တစ်စုံတစ်ရာကို ကောက်နေပုံ တွေ့လိုက်ရသည်။ နန်းသီတာ မင်သေပြီး ကြည့်နေမိသည်။ သတိဝင်လာတော့ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ

” ဟင် ငါသေချာမြင်လိုက်တာပါ ဘုရား ဘုရား ”

နန်းသီတာ ကြက်သီးတွေ ထလာက ဘုရားသ၍ အိမ်သာအပြင်ဘက်သို့ အမြန်ပြေးထွက်ခဲ့လေသည်။ အိမ်သာ အပြင်ဘက်ရောက်တော့ အိမ်သာထဲမှာ ညီးသံကြီးတစ်ခုကို ကြားလိုက်ရလေသည်။ နန်းသီတာတစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ ယောင်းမဖြစ်သူ ကုတင်သို့ အပြေးလေး ပြေးသွားတော့ပါသည်။

ယောင်းမကုတင်ရောက်တော့ ယောင်းမက တစ်ရေးနိုးသည် ထင်တယ်။ ကုတင်ပေါ်တွင် အထိုင်လိုက် နန်းသီတာကို

“ဘာဖြစ်လို့လဲ”

ဟု မေးလေသည်။ ယောင်းမဖြစ်သူက ဗိုက်ကြီးနဲ့ မွေးခါနီးပြီဖြစ်သောကြောင့် ဆေးရုံကြိုတက်နေခြင်းပင်။ ယောင်းမဖြစ်သူ ကြောက်မှာစိုးတာကြောင့်

“ဘာမှမဖြစ်ပါဘူး ဒီလို့ဘဲ ပြေးလာတာပါ မမူ။ ညအိမ်သာသွားချင်ရင် နန်းကို နိုးနော်။ တစ်ယောက်ထဲ မသွားနဲ့”

ဟု မှာလိုက်သည်။ ယောင်းမကတော့

“အေးအေး ငါတစ်ရေးနိုးလာတာ နန်းရဲ့။ ငါအိပ်နေတဲ့ အချိန်မှာလေ ငါကိုယ်ကို တစ်ယောက်ယောက် ဘေးမှာ ကြည့်နေသလို ခံစားရတယ်။ ပြီးတော့ ငါ့လိုဗိုက်ကြီးသည် တစ်ယောက်ကို ခဏခဏ တွေ့နေရတယ်”

“မမူ စိတ်ထင်လို့နေမှာ ပြန်အိပ်တော့လေ နန်းဘေးကနေ ဘုရားစာရွတ်ပေးမယ် ”

ယောင်းမ ကြောက်မှာစိုး၍ ပြောလိုက်ရသော်လည်း ကိုယ်ကိုယ်တိုင်ကလည်း စောစောက အိမ်သာထဲတွင် တွေ့ခဲ့ရသော ပုံရိပ်ကို မျက်စိထဲက မထွက်။ ဒီညတော့ နန်းသီတာ အိပ်ရတော့မယ်မထင်။ အရင်ထဲက အရမ်းကြောက်တတ်သော နန်းသီတာ အခုလို တွေ့လိုက်ရတော့ မျက်စိထဲကမထွက်။ ဆေးရုံကို လူနာစောင့် သွားရမယ်လို့ ပြောထဲက လူက သေချင်စော်နံနေမိသည်။ မသွားလို့ကလည်း မရ။

နန်းသီတာ အစ်ကိုက စစ်သားတစ်ယောက်။ မိန်းမရတာ ၁ နှစ်ခန့်မှာ အစ်ကို့မိန်းမ ဗိုက်ကြီး၍ အခုမွေးခါနီး ဆေးရုံတွင် ကြိုတက်ထားတာ ဖြစ်သည်။ အဲတော့ အိမ်မှာ လူပိုဖြစ်နေသည့် နန်းသီတာက အလိုလိုနေရင်း လူနာစောင့် ဖြစ်နေရလေသည်။

“ဟူး ကြောက်ပါတယ်ဆိုမှ ငါ့ကိုမှ ဆေးရုံလူနာစောင့် ရွေးလွှတ်တယ်။ အခုကြုံခဲ့ရတာကို ပြောပြရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်။ ညီးကြောက်လို့ ညီးစိတ်က ဖြစ်နေတာပါလို့ဘဲ အပြောခံရမည်သာ”

ဟိုတွေးဒီတွေး တွေးရင်း နန်းသီတာ တစ်ယောက် အိပ်ပျော်သွားလေသည်။ အိပ်ရာကနိုးတော့ ယောင်းမဖြစ်သူက နိုးနေပြီ။ နန်းသီတာ မျက်နှာသစ်ရန်ပင် အိမ်သာဖက်ကို မသွားရဲတော့။ အဲတော့ ဘေးက လူနာစောင့် မကေခိုင်ကို အဖော်ဆက်သည်။

“မကေ မျက်နှာသွားသစ်ရအောင်လေ”

ဆိုတော့ မကေက တစ်ခုခု ရိပ်မိပုံရပြီး ဘာမှမပြောဘဲ ထလိုက်လာသည်။ လမ်းရောက်မှ

“နန်း နင်ညက အိမ်သာသွားတယ် မဟုတ်လား။ ဘာထူးခြားတာ တွေ့ခဲ့လဲ ”

ဆိုတော့ နန်းသီတာကလည်း သူတွေ့တာကို ပြောပြချင်နေတာ အတော်ဖြစ်နေတာနဲ့ ညက သူတွေ့ခဲ့တာတွေ ပြောပြလေသည်။ အဲတော့ မကေခိုင်က

“အေး အဲအိမ်သာက အရမ်းခြောက်တာ နန်းရဲ့”

”ဟင် ဟုတ်လား အစ်မ အဲထဲမှာ သရဲရှိတာပေါ့နော်”

“အေး နန်း နောက်နေ့ညတွေဆို နင်အိမ်သာသွားချင်ရင် အဖော်နဲ့သွား။ အဖော်မရှိရင် ငါကိုနိုး။ အားမနာနဲ့ ငါလိုက်ခဲ့ပေးမယ်။ အဲ့အိမ်သာက ညဘက် ဘယ်သူသွားသွား နင်ကိုခြောက်သလို အကုန်အခြောက်ခံရတယ်။ အဲအိမ်သာထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဆုံးဖူးတယ်”

” ဘုရားရေ ဟုတ်လား အစ်မ။ ဘယ်လိုဆုံးတာလဲဟင် သိရင်ပြောပြပါလား”

ဆိုတော့ မကေခိုင်က

” ဒီဆေးရုံမှာဘဲ နန်းအစ်မလို မွေးခါနီး ဆေးရုံလာတက်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဟ။ တစ်ရက် အဲ့အမျိုးသမီးက မွေးခါနီးလို့ ဗိုက်နာတာကို မသိဘဲ ရိုးရိုး ဗိုက်နာတယ် ထင်ပြီးတော့ အခု အိမ်သာကို သွားတယ်လေ။ တစ်ယောက်ထဲ အဖော်ကလည်း မပါဘူး။ ဟိုရောက်တော့ သူကဘဲ သေဖို့ ကံပါလာလို့လား မသိဘူး။ သူမွေးတော့မယ်သိတဲ့ အချိန်မှာ အဖော်ကလည်း မပါတာက တစ်ကြောင်း၊ သူဗိုက် အရမ်းနာနေတော့ အပြင်ဘဲ ပြန်မထွက်လာနိုင်လို့လားတော့ မသိဘူး ကလေးက အိမ်သာခွက်ထဲကို ထွက်ကျသွားတယ်လေ။ သူလည်း အဲတာကိုမြင်ပြီး သွေးလန့်ပြီး သေသွားတာဘဲ။ သူ့ကို ဆေးရုံကလူတွေ တွေ့တဲ့အချိန်မှာ ကလေးကလည်း သေနေပြီ သူကလည်း သေနေပြီ။ အဲ့နောက်မှာ အဲ့အိမ်သာအခန်းထဲမှာ မိန်းမတစ်ယောက် အိမ်သာခွက်ကို ခွထိုင်ပြီး တစ်ခုခု ကောက်နေတဲ့ပုံစံ ညဘက် အိမ်သာသွားသူတိုင်း တွေ့ရတာဘဲ။ ငါလည်း အခြောက်ခံပြီးသွားပြီဟ။ ဒီဆေးရုံက လူနာအဝတ်တွေကို အခကြေးငွေယူပြီး လျှော်ပေးနေတဲ့ အန်တီကြီးပြောပြတာ ”

ဟု ပြောပြလေသည်။

“အမယ်လေး မကေရယ် ကြားရတာနဲ့တင် ကြက်သီးထမိတယ် တစ်ကယ် ”

နန်းသီတာ စကားလည်းဆုံးရော အိမ်သာ အပေါက်ဝသို့ ရောက်လာတာနဲ့ ပြောနေတဲ့ အကြောင်းကို ဆက်မပြောတော့ဘဲ မျက်နှာကို အမြန်သစ်ကာ နှစ်ယောက်သား ပြန်ထွက်လာခဲ့သည်။ နန်းသီတာ တစ်ယောက်ကတော့ အဲ့အိမ်သာအခန်းကို ယောင်လိုပင် လှည့်မကြည့်ခဲ့။ နောက်များ အိမ်က ဆေးရုံလူနာစောင့်ခိုင်းရင် ရိုက်ချင်ရိုက်ပါစေ လုံးဝမစောင့်ဘူးဟု ဆုံးဖြတ်လိုက်လေသည်….။

ဒီဇာတ်လမ်းလေးကတော့ ပြည်ကုတင် ၁၀၀ ဆေးရုံ သားဖွားမီးယပ်အဆောင် အိမ်သာတွင် ခြောက်ခံခဲ့ရသော လမင်း မေမေကိုယ်တိုင် ပြောပြတဲ့ ဇာတ်လေးပါရှင်။ ဒီဇာတ်လမ်းလေးကို ပြောပြပေးသော ချစ်မေမေကို ဒီနေရာက အထူးကျေးဇူးတင်ပါတယ် ရှင်။

ပြီးပါပြီ။