အစိမ်းသေလား သရဲလား

အစိမ်းသေလား သရဲလား
ရေးသားသူ – မာန်လှိုင်းငယ်

ကိုရန်ကြီးက စလိုက်တဲ့ ဇာတ်လမ်းဟာ အခုဆို တော်တော်ပျံ့နေပါပြီ။ ကျနော် လိုက်ဖတ်ရင်း ကျောချမ်းတယ်ဗျ။ ကိုယ့်နောက်ကျောကို မလုံခြုံဘူးလို့ အဲဒီလို ခံစားနေရတယ်။ သရဲ ကြောက်ပါတယ်ဆိုမှ ဖတ်ချင်စိတ်ကို မတားနိုင်တော့ မျက်စေ့ကို မှေး၊ ကွန်ပျူတာနဲ့ ခပ်ခွာခွာနေပြီး ဖတ်နေရတယ်။ ကိုယ့်ကိုယ်ကို မှန်နဲ့ ပြန်ကြည့်တော့ မျက်လုံးပေါက်တွေ ကျဉ်းလာသလိုပါပဲ။

ကဲ ကျနော်လည်း အထိမခံ ကြွေပန်းကန်ပေါ့။ အာ .. မဟုတ်ပါဘူး။ မှားသွားပြီ။ အားကျမခံ ပြောပြမယ်လေ။ ကိုယ်တွေ့ ဇာတ်လမ်းရော။ သူများတွေ့ ဇာတ်လမ်းရော။ နည်းနည်းစီ ပြောပြမယ်။ နားတွေထောင်၊ မျက်စိကို ဖွင့်ပြီး ဘေးဘယ်ညာ ကြည့်ပြီး ဖတ်ကြပါပေတော့ ….. ။

လိုက်ကာ ဖွင့်ပြီနော် ….

ကျနော် ငယ်ငယ်က (ငယ်ငယ်ကလို့ ဆိုပေမယ့် အသက်ကတော့ ၁၆၊ ၁၇၊ ဝန်းကျင်လောက်ပေါ့)။ ကျနော် အရမ်းခင်မင်ရတဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ သူကလည်း ကျနော့်ကို အရမ်းချစ်တတ်တယ်။ ကျနော့် တစ်ယောက်ထဲ မဟုတ်ပါဘူး။ ကလေးအားလုံးကို ချစ်တဲ့၊ ချစ်တတ်တဲ့ အစ်ကိုတယောက်ပါ။ သူက ကျနော့်အစ်ကိုအရင်း မဟုတ်ပါဘူး။

မိုးတွင်းအချိန်ကာလပါပဲ။ အစ်ကိုတယောက်က ခရီးထွက်တော့မယ်။ မထွက်ခွာခင် ကျနော်တို့ကို ပြောလိုက်တယ်ဗျ။ ညီလေးတို့၊ မင်းတို့ကို အစ်ကို နှုတ်ဆက်ခဲ့ပါတယ်၊ နောက်ဆို ပြန်တွေ့ရတော့မှာ မဟုတ်တော့ဘူးတဲ့ဗျာ။

ကျနော်တို့လည်း … ဟာ မဟုတ်တာ အစ်ကိုရာ ကျနော်တို့နဲ့ အစ်ကို ပြန်တွေ့မှာပါ။ နိမိတ်မရှိ၊ နမာမရှိ၊ ဖွီး၊ ဖွား၊ ဟုန်၊ ဖွ။ ဆိုပြီး လုပ်လိုက်ကြသေးတယ်။

ဒါပေမယ့် သူသွားတာက ကရင်ပြည်နယ်ကိုသွားတယ်။ လှေစီးပြီးသွားရမှာလေ။ သံလွင်မြစ်ကို သိကြမှာပေါ့။ မိုးတွင်းဆိုတော့ ရေတွေက နှောက်ကျစ်နေတာပဲ။ ရေတွေကလည်း တဖြည်းဖြည်းနဲ့ အမြင့်တွေဆီ တက်လာလိုက်တာ မပြောနဲ့ဗျ။ ကြောက်စရာကြီးပေါ့။

သူက ကျနော်တို့ကို လှေပေါ်ကနေ လက်ပြနှုတ်ဆက်ပါတယ်။ အဲဒီအချိန်ကလည်း မိုးတွေကလည်း ရွာနေတဲ့အချိန်ဆိုတော့ လှေကလေးနဲ့ သူထွက်သွားတာ ကျနော်တို့ ကြည့်နေကြပါတယ်။ ကျနော်တို့ မြင်ကွင်းကနေ မပျောက်သေးပါဘူး။ လှေဘာဖြစ်သွားတယ်ဆိုတာ ကျနော်တို့ မသိလိုက်ဘူးဗျ။ အော်သံတွေကြားရတော့ ကျနော်တို့လည်း ကုန်းပေါ်ကနေ ပြေးလိုက်သွားကြတာပေါ့ဗျာ။ ဘာဖြစ်ဘာလိမ့်ပေါ့။ တို့လော တို့လောနဲ့ ပြေးသွားကြတာ။

အဲဒီမှာပဲ ကျနော်တို့ သိပ်ချစ်ရတဲ့ အစ်ကိုဟာ လှေပေါ်က နေခုန်ဆင်းပြီး ရေးကူးတယ်။ ဖြစ်ချင်တော့ သူကလည်း ရေမကူးတတ်ဘူး။ ကမ်းစပ်ကိုရောက်ဖို့ အားကုန် ကူးနေတယ်လေ။ ကျနော်တို့လည်း ဘာမှမလုပ်ပေးနိုင်ပါဘူး။ ရေတွေ ဒီလောက်ကြီးနေတာ ဘယ်လိုလုပ် ဆင်းရဲမလဲ။ သူလည်း ကမ်းစပ်ကို တော်တော် ကြိုးစားကူးနေရှာတယ်။ ကမ်းနဲ့ နီးနီးလေးပဲ ကျန်ပါတော့တယ်။

ဒါပေမယ့်ဗျာ သူ တော်တော် ကံဆိုးရှာတယ်။ ရေလှိုင်းတွေက သူ့ကို လွှမ်းသွားတယ်။ သူလည်း ဆွဲမိဆွဲရာ ဆွဲလိုက်တာပဲ ဒါပေမယ့် သူ့ကို ကျနော်တို့ မတွေ့တော့ဘူး ဖြစ်သွားတယ်။ တကယ်လည်း မတွေ့တော့ဘူး။ ကျနော်တို့လည်း နာရီဝက်လောက်တော့ စောင့်နေကြသေးတယ်။ ဒါပေမယ့် သူဘယ်လိုမှ ပြန်မပေါ်လာတော့ဘူး။ ကျနော်တို့ ကလေးအားလုံးလည်း ရှုံးပွဲချ ငိုတယ်။ သူ သွားခါနီးမှာ ပြောသွားတဲ့ စကားကို ပြန်ပြီး အမှတ်ရမိတယ်ဗျ။ ဘယ်လိုမှ မယုံကြည်နိုင်အောင်ပဲ။ မျက်မြင်ကိုယ်တွေ့မို့ပါ။ တကယ်ဆို ကျနော် မယုံချင်ဘူး။ အဟုတ်ပါ။

ကဲ ဆက်ပြေမယ်နော် …

နောက်နေ့မနက်မှာ ကျနော်တို့အားလုံး ပြန်လိုက်ရှာတယ်ဗျ။ အဲဒီအချိန်ကလည်း ရေတွေ ပြန်ကျနေပြီဆိုတော့။ ကျနော်တို့ အားလုံး လိုက်ရှာကြတယ်။ တွေ့ပါပြီး ညီငယ်တစ်ယောက် အရင်တွေ့တယ်။ သူအော်လိုက်တော့ ကျနော်တို့ကလည်း သူ့ဆီပြေးသွားကြတယ်။ တွေ့ပါပြီး တကယ့်မှ ကျနော်တို့ အစ်ကိုပါပဲ။ ဘယ်လိုမှ မထင်ဘူးလေ။ သူဆွဲထားတာက ဆူးကိုင်းပဲတွေပါ။ သူ့ကို ကျနော်တို့ မကြည့်ရဲတော့ဘူး။

တကိုယ်လုံးလည်း ရေတွေ ဝင်ထားလို့ ပွပွကြီး ဖြစ်နေတယ်။ လူကြီးတွေက သူကို သယ်ပြီး သူနေတဲ့နေရာကို ပြန်ယူသွားကြတယ်။ နေရာ တော်တော်ဝေးတယ်။ ရောက်တော့ အချိန်က နေမွန်းတက်နေပြီလေ။ ဘယ်လိုမှ မခံနိုင်တော့ဘူး။ အနံ့တွေက။ ဒါနဲ့ လူကြီးတွေက ချက်ချင်း မြေကျင်းသွားတူးခိုင်းတယ်။ ကျနော်တို့လည်း ပါတာပေါ့။ တူးကြပါတယ်။ တရားတောင် မနာအားဘူး။ မြေမြုပ်ပစ်လိုက်ကြတယ်။ ဘယ်လိုပြောမလဲ။ မြေမြုပ်ပြီး နောက်နေ့ညမှာပဲ သူက ကျနော်တို့ဆီ လာပြီဗျ။

ဇာတ်အိမ်ရောက်ပြီနော် ….

ကျနော်တို့ ကလေးတွေအားလုံး အိမ်တစ်လုံးမှာ ဘားတိုက်ပေါ့။ အဲဒီမှာ တန်းစီပြီး အိပ်ကြရတယ်။ ည ၉ နာရီ၊ ၁၀ နာရီလောက်ရှိတော့မယ်။ အငယ်ဆုံး ကလေးကို သူက ပွေ့ချီပြီး ခွေးအိပ်တဲ့ နေရာမှာ သွားထားတယ်။ ပြီးတော့ ကျနော်တို့စောင်တွေကို လာဆွဲပြီး စောင်တွေအားလုံးကို ဝါးလုံးတန်းပေါ်မှာ တင်သွားတယ်လေ။ ကျနော်တို့ကလည်း အေးတာနဲ့ စောင်တွေ လိုက်ရှာတယ်။ မျက်လုံးကတော့ မဖွင့်ကြဘူး။ ကျနော်အပါအဝင်ပေါ့။ စောင်ကို မတွေ့တော့ မျက်လုံးဖွင့်ရှာတော့မှ စောင်ကိုတွေ့တယ်။ အားပါးပါး ကျောချမ်းသွားပါတယ်။

ဘယ်က ဘယ်လို စောင်တွေအားလုံးက တန်းပေါ်ရောက်နေလဲ ပေါ့။ (အဲဒီအချိန်က ကျောပဲ ချမ်းသေးတယ်။ တကယ် မကြောက်သေးဘူး။) လူလိုက်စစ်တော့ လူလျော့နေတယ်။ ကလေးနှစ်ယောက် တစ်ယောက်က ခွေးအိပ်တဲ့ နေရာမှာ (လိုက်ရှာမှ တွေ့တာပါ) တွေ့တယ်။ နောက်တစ်ယောက်ကတော့ ဘယ်မှာလို့ ထင်လဲ။ စဉ်းစားကြည့်ပါ။ ဘားတိုက်အောက်မှာပေါ့။ အဲဒီမှာ ပိုပြီး ကျောချမ်းလာတယ်။ ပြန်အိပ်လို့လည်း မရတော့ဘူး။ တစ်ယောက်ကို တစ်ယောက် လှုပ်နိုးလိုက်။ နေလိုက်နဲ့ပေါ့။ အဲဒီအခါမှာမှ ဒုက္ဒနဲ့ကို တိုးတော့တာပဲ။ အိမ်သာက သွားချင်လာတာကိုး။ အဖော်တွေ ခေါ်တောလည်း မလိုက်။ ဘယ်သူ့နိုးနိုး မလိုက်ကြဘူး။

ဒါနဲ့ ကျနော် ကြောက်ကြောက်နဲ့ (သတ္တိတော့ ရှိသေးတယ်ဗျ) သွားတယ်။ အိမ်သာနားရောက်တော့ …

ဟေ့ ညီလေ မင်း အိမ်သာတတ်မလို့လားတဲ့။ အားပါးပါး။ မလွဲဘူး။ အသံကို မှတ်မိနေတာကိုး။ မြေမြုပ်ပြီး သင်္ဂျိုလ်တာလည်း မကြာသေးဘူး။ အခု အသံကြားရတော့ လန့်တာပေါ့။ နဂိုကမှ ကြောက်စိတ် ရှိနေတာကိုး။ သတ္တိခဲပါပဲ။ ဒါတောင် မကြောက်သေးဘူး။ အိမ်သာထဲက ကြားသာဆိုတော့ (မှတ်ချက်။ ။ ကျနော်တို့ အိမ်သာက တံခါးကို ဆန်တွေထည့်တဲ့ အိပ်နဲ့ လုပ်ထားတာ) တံခါးကို ဖွင့်လိုက်တယ်။

အောင်မလေး ….. ဘုရားတယ်။ အမေ။ အဖေတွေကို တမ်းမိတယ်။ လူမှ မတွေ့ရတာ ဆေးလိပ်ဖွာနေတာပဲ တွေ့ရတယ်။ ဆေးလိပ်မီးလေ။ ကျနော်လည် မကြည့်ရဲတော့ တခါတည်း အိမ်ကိုတန်းပြေး၊ လူအများကြားမှာ တိုးအိပ်၊ စောင်ကို ခေါင်းထိ ခြုံပြီး ကြောက်ကြောက်နဲ့ နေနေရတယ်။ အိပ်တောင် မပျော်တော့ဘူး။ အသားတွေက တုန်နေတာပဲ။ နတ်ဝင်ပူးသလိုပဲဗျ။

ဒါတောင် အားမရသေးဘူးထင်တယ်။ အိမ်ပေါ်ကို ခဲနဲ့ပေါက်ပြီး လုပ်သေးတယ်ဗျ။ ဒီတခါတော့ ကျနော့်တစ်ယောက်ထဲ မဟုတ်တော့ဘူး။ ကလေးအားလုံး နိုးကုန်ပြီလေ။ ဘယ်သူမှလည်း မအော်ရဲကြဘူး။ ခဲနဲ့ အဆက်မပျက် ပေါက်တယ်။ အိမ်ဘေးပတ်ပတ်လည် လမ်းလျှောက်သံတွေက ညံနေတာပဲ။ ဒါနဲ့ ကျနော်တို့လည်း မိုးမြန်မြန်လင်းပါစေလို့ ဘုရားတပြီး ဆုတောင်းနေကြရတယ် …………..။ ။

ဒီလောက်ပါပဲ။ အဲဒါကတော့ ကျနော့်ကိုယ်တွေ့လေးပါ။ စာတော့ မရေးတတ်ဘူး။ အခုတောင် ကြောက်စိတ်ရှိသေးတယ်။ ကျောချမ်းတယ်ဗျ။ ကြောက်ကြောက်နဲ့ပဲ ပြန်ရေးနေရတယ်ဗျာ။

ပြီးပါပြီ။